မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီးတန် ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလတွင် လာရောက်လည်ပတ်သူပိုမိုများပြားနေခြင်းကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများ၏ရှိနေသည့်အရေအတွက်ထက် ငှားရမ်းလိုမှုက ပိုမိုများပြားနေသောကြောင့် ငှားရမ်းခဈေးနှုန်းမြင့်တက်မှုအားထိန်းချုပ်နိုင်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွန်ဇုန်)မှ သိရသည်။
''ပြင်ဦးလွင်က ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာရှိတဲ့အခန်းစုစုပေါင်းထက်လာလည်တဲ့လူက အဆ ၁ဝဝ လောက်ရှိလို့ပါ။ ဝယ်လိုအားက တအားများတော့ ဈေးတက်ရတာပါ။ နှစ်စဉ်အဖိတ်နေ့နဲ့ လပြည့်နေ့နှစ်ရက်က လူပြည့်တော့ နှစ်စဉ်အဲဒီ နှစ်ရက်က နှစ်ဆဈေးမြင့်တက်နေကျပါ။ ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ မလွယ်ကူဘူး။ မိုးတွင်းဧည့်ပါး တော့လည်း ဈေးချရတာပါပဲ''ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) အတွင်းရေးမှူး ဦးဝေဠုကပြောသည်။
ပြင်ဦးလွင်မြို့တွင် ဟိုတယ် ၅ဝ ကျော်၊ တည်းခိုခန်းနှင့်မိုတယ် ၁ဝဝ ကျော်၌ အခန်းပေါင်း ၃ဝဝဝ ခန့်ရှိပြီး တည်းခိုခန်းနှင့်ဟိုတယ်များ၏ ဝန်ဆောင်မှုနှင့်နေရာအလိုက် တစ်ရက်လျှင် အခန်း တစ်ခန်းငှားရမ်းခမှာ ကျပ်ငါးထောင်မှ ကျပ်တစ်သိန်းကျော်အထိဈေးရှိသည်။
''လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ဟိုတယ် နဲ့ တည်းခိုခန်းတွေကို ဖုန်းဆက်စုံစမ်းနေကြပြီး နှစ်တိုင်းလာနေကြသူတွေက နှစ်စဉ်ဘဏ်ကနေ ငွေလွှဲပြီးအခန်းကြိုတင်ယူထားတာတွေရှိပါတယ်''ဟု ဦးဝေဠုက ဆက်လက်ပြောကြားသည်။ ယခုနှစ်တွင် အဖိတ်နေ့နှင့် လပြည့်နေ့သည် ကြာသပတေးနေ့နှင့်
သောကြာနေ့ဖြစ်သဖြင့် စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် ဆက်နေသည့်အတွက် ယခုနှစ်တွင်ပိုစည်နိုင်ပြီး သီတင်းကျွတ်ကာလက လည်း ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်း တချို့တွင် ဈေးနှုန်းအပြောင်းအလဲရှိခဲ့ကြောင်း သိရသည်။
Credit: Democracy Today