ယခင်ရှိနှင့်ပြီးသားဖြစ်သော စီးပွားရေးလုပ်ငန်းများအနေနှင့် ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာတိုးချဲ့လုပ်ကိုင်ပါက အခွန်သက်သာခွင့်များ ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
အဆိုပါ အခွန်သက်သာခွင့်များ ရရှိစေရန် စီးပွားရေးလုပ်ငန်း အဟောင်းများအနေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ၏ အတည်ပြုမိန့်နှင့် ခွင့်ပြု မိန့်များရရှိရန် လိုအပ်သောကြောင့် MIC သို့ လာရောက်လျှောက်ထားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
“တချို့လုပ်ငန်းတွေက MIC ရဲ့ ခွင့်ပြုမိန့်မယူဘဲ လုပ်နေတာတွေရှိတယ်။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကလည်း ထွက်လာပြီ။ နောက်တစ်ခုက MIC အောက်ကနေလုပ်ရင် အခွန်သက်သာခွင့်ရှိတော့ အရင်ကတည်းကနေ အခုထိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းဟောင်းတွေကအတည်ပြုမိန့်၊ ခွင့်ပြုမိန့်လိုချင်လို့ ပြောလာတာတွေရှိတယ်။ ဒါကြောင့် လာရောက်လျှောက်ထားနိုင်ကြောင်း ကြေညာချက် ထုတ်ထားတာ”ဟု ၎င်းကရှင်းပြသည်။
MIC ၏ အတည်ပြုမိန့်နှင့် ခွင့်ပြုမိန့်ရရှိပါက လုပ်ငန်းနှင့်သက်ဆိုင်သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှတင်သွင်းလျှင် အကောက်ခွန် ကင်းလွတ်ခွင့် ပေးမည်ဖြစ်ပြီး အခြားသောကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်ပါက အကောက်ခွန်အပြင် အခြားသော အခွန်များမှာ သက်သာခွင့် ရရှိမည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်း အဟောင်းများအနေနှင့် ယင်းအခွန်များကိုသာ သက်သာခွင့်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်တွင် ပါရှိသော ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုမူ လက်ရှိတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းအသစ်များသာ ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယခင်ခေတ်က ဆိုင်ရာပိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း လုပ်ကြသည့်အတွက် MIC တွင် အတည်ပြုမိန့်မတင်ဘဲ တည်ထောင်ထားသည့် ကုမ္ပဏီများ အများအပြားရှိကြောင်း၊ ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်များနှင့် အခွန်သက်သာခွင့်ကို ရယူလိုသောကြောင့် လျှောက်ထားရန် ပြင်ဆင်နေကြခြင်းဖြစ်ပြီး ယင်းကုမ္ပဏီများ၏ နောက်ကြောင်းကိုလည်း စိစစ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
တစ်နိုင်ငံလုံးအနေအထားဖြင့် MIC တွင် အတည်ပြုမိန့်၊ ခွင့်ပြုမိန့် မယူထားသည့် လုပ်ငန်းပေါင်း ထောင်နှင့်ချီရှိနိုင်ပြီး လက်ရှိတွင် ယင်းကုမ္ပဏီများက ခွင့်ပြုမိန့် လာရောက် လျှောက်ထားရန် စုံစမ်းမှုများ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
Credit: The Voice