အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ဆပ်ဖော့ခ်ခရိုင်၊
ဘေဘီလုံမြို့ကလေးတွင် အေမီတီဗေးလ်အမည်ရှိ ရွာကလေးတစ်ရွာ တည်ရှိသည်။
၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းအရ အေမီတီဗေးလ်၏ လူဦးရေမှာ ၉၅၂၃ ဦးဖြစ်သည်။အေမီတီဗေးလ်ကို ၁၆၀၀ ပြည့်လွန်ကာလများတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၈၉၄ ခုနှစ်တွင် ကျေးရွာတစ်ရွာဖြစ်လာခဲ့သည်။
၁၉၇၄ ခုနှစ်အတွင်းတွင်ကား သွေးပျက်တုန်လှုပ်ဖွယ်လူသတ်မှုကြီးတစ်ခု အဆိုပါကျေးရွာလေးတွင် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေအိမ်မှာ အမေရိကန်ပြည်ရှိ သရဲအခြောက်ဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်လာခဲ့သည်။
ယင်းနေအိမ်၏ သရဲခြောက်မှုမှာ အလွန်နာမည်ကြီးလာရာ "The Amityville Horror" အမည်ဖြင့် ဝတ္ထုနှင့် ရုပ်ရှင်ဇာတ်ကားတို့ပင် ထွက်ရှိခဲ့သည်။
အဆိုပါနေအိမ်ကို Amityville Horror House ဟု ခေါ်ဝေါ်လျက်ရှိကြပြီး ၁၉၂၅ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
နေအိမ်ဆောက်လုပ်ပြီးနောက်ပိုင်း မိသားစုများစွာ နေထိုင်ပြောင်းလဲခဲ့ကြပြီး ၁၉၆၅ ခုနှစ်တွင် ဒီဖီယိုမိသားစုက ဝယ်ယူခဲ့ကြသည်။
၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် နာမည်ကျော် လူသတ်မှုကြီး ဖြစ်ပွားခဲ့လေသည်။
ထိုနေ့က ဒီဖီယိုမိသားစုမှ ရိုနယ် ဒီဖီယို ဂျူနီယာအမည်ရှိ ကလေးငယ်က အရက်ဘားတစ်ခုအတွင်းသို့ ထိတ်လန့်ခြောက်ခြားစွာ ပြေးဝင်လာကာ အကူအညီတောင်းခဲ့၏။
အရက်ဘားတွင်ရှိသူများက ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပေးရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးခဲ့သည်။
နောက်ဆုံးတွင် အိမ်ထောင်ဦးစီးဖြစ်သူ ဒီဖီယိုက သူ၏တစ်မိသားစုလုံးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံလေသည်။
သူ၏ နားထဲတွင် အသံတစ်သံကြားနေရပြီး မိသားစုဝင်အားလုံးကို သတ်ပစ်ရန် ညွှန်ကြားသံသာကြားနေရပြီး နောက်ဆုံးတွင် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မိခြင်းဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံတော့သည်။
၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် ဒီဖီယိုကို ခြောက်လောင်းပြိုင်လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။
အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေအိမ်တွင် မည်သူမျှ လာရောက်နေထိုင်ခဲ့ခြင်းမရှိဘဲ တစ်နှစ်ခန့်အကြာ ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် လုဇ်မိသားစုက ပြောင်းရွှေ့နေထိုင်လာခဲ့သည်။
လုဇ်မိသားစု စတင်ရွှေ့ပြောင်းနေထိုင်ချိန်တွင် နေအိမ်ကိုကောင်းချီးမင်္ဂလာပေးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ကက်သလစ်ဘုန်းတော်ကြီးများ၏ နားထဲတွင် “ထွက်သွားစမ်း” ဟူသည့် စူးရှသည့်အသံကြီးတစ်ခု ကြားခဲ့ကြသည်ဟု ဆိုသည်။
လုဇ်မိသားစု ပြောင်းရွှေ့နေထိုင်ပြီးနောက်တွင် ခြောက်ခြားဖွယ်ဖြစ်ရပ်များ နေ့စဉ်ဖြစ်ပွားခဲ့ရာ တစ္ဆေသရဲတို့၏ ကိုယ်ထင်ပြခြင်းများ၊ အသံပေးခြင်းများ ကြုံခဲ့ရသည်။
ထို့ကြောင့် ၂၈ ရက်ခန့်သာ နေထိုင်နိုင်ပြီး ခြောက်ခြားတုန်လှုပ်စွာဖြင့် နေအိမ်ပြောင်းသွားခဲ့ကြသည်။
အဆိုပါနေအိမ်ကို အရောင်းဈေးကွက်တင်ထားပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈၅၀၀၀၀ ဖြစ်သည်။
အေမီတီဗေးလ်ကျေးရွာ၊ အိုးရှင်းရိပ်သာလမ်း၊ အမှတ် ၁၀၈ တွင် တည်ရှိသည်။
(အငြင်းပွားမှုများ)
၁၉၇၇ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဂျင်မ်နှင့် ဘာဘရာ ခရိုမာတီတို့က အေမီတီဗေးလ်နေအိမ်ကို ဝယ်ယူခဲ့ကြပြီး ပရလောက ဖြစ်ရပ်ဆန်းများ မကြုံတွေ့ခဲ့ဘဲ ၁၉၈၇ ခုနှစ်တွင် ပီတာနှင့် ဂျင်းနီ အိုနေးတို့ထံ ပြန်လည်ရောင်းချခဲ့သည်။
ဘာဘရာ ခရိုမာတီတို့က "The Amityville Horror" စာအုပ်ထုတ်ဝေသူနှင့် လုဇ်မိသားစုကို မဟုတ်မမှန်လုပ်ကြံပြောဆိုမှုဖြင့် တရားစွဲခဲ့သည်။
၎င်းတို့၏ အမှုကိုကြားနာသည့် တရားသူကြီး ဒေါက်တာ စတီဖင် ကာပလန်သည် ပရလောက သုတေသီတစ်ဦးဖြစ်ပြီး "The Amityville Horror Conspiracy" အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ဖူးသည်။
ထိုစာအုပ်အတွင်း ကာပလန်က ရေးသားခဲ့သည်မှာ ၁၉၇၆ ခုနှစ်အတွင်း ယခုအမှုဖြစ်ပွားသည့်နေအိမ်ကို သွားရောက်ကြည့်ရှု လေ့လာခဲ့ဖူးကြောင်းနှင့် ထူးထူးခြားခြားဖြစ်ရပ်မျိုး မကြုံတွေ့ခဲ့ကြောင်း ရေးသားထားသည်။
အခြားပရလောကသုတေသီ ဇနီးမောင်နှံဖြစ်သော အက်ဒ်နှင့် လော်ရင် ဝါရန်တို့သည်လည်း ၁၉၇၆ ခုနှစ်၊ မတ်လအတွင်း အေမီတီဗေးလ်နေအိမ်သို့ သွားရောက်လေ့လာခဲ့ကြဖူးသည်။
ထိုစဉ်က လော်ရင်တို့သည် အနီအောက်ရောင်ခြည်သုံးကင်မရာဖြင့် ဓာတ်ပုံများရိုက်ကူးခဲ့ရာ ယောက်ျားကလေးတစ်ဦး၏ ပုံတစ်ပုံရိုက်ကူးရရှိခဲ့သည်ဟု ဆိုသည်။ရိုက်ကူးရရှိသည့် ဓာတ်ပုံအတွင်းမှ ကလေးငယ်မှာ အသတ်ခံခဲ့ရသည့်မိသားစုမှ အငယ်ဆုံးကလေးနှင့် များစွာတူညီနေသည်ဟုလည်း ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)