လတ်တလော အိမ်ခြံမြေဈေးကွက်လည်ပတ်မှု နှေးကွေးနေရတဲ့ အကြောင်းအရင်းများစွာရှိတဲ့အနက်တစ်ခုအပါအဝင်ဖြစ်တဲ့ အခွန်ကောက်ခံမှုစနစ်ဟာ အိမ်ခြံမြေဈေးကွက်အပေါ်ကို လာမယ့်နှစ်မှာလည်း အကျိုးသက်ရောက်မှုကြီးမားနိုင်ဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ခြောက်နှစ်တာကာလလောက်အတွင်းမှာ အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကစားမှုဖြစ်ပေါ်ပြီးတဲ့ နောက်ပိုင်းမှာအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သိသာစွာ အေးသွားခဲ့တဲ့နောက် ၂ဝ၁၆ ခုနှစ်အတွင်းမှာ အသစ် သတ်မှတ်လိုက်တဲ့အခွန်နှုန်းထားကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဟာ ပြန်ဦးမော့ဖို့ရာ အခွင့်အလမ်းပိုနည်းသွားခဲ့ပြန်ပါတယ်။ ရှေ့ဆက်ရမယ့် ကာလတွေမှာ ဈေးကွက်ပြန်သွက်ဖို့ အချိန်ဘယ်လောက် လိုဦးမယ်ဆိုတာ မှန်းဆရခက်ခဲနေပေမဲ့အခွန်စနစ်ရဲ့ အကျိုးသက်ရောက်မှုကတော့ လာမယ့်နှစ်အတွင်းမှာလည်း ကြီးမားနိုင်ဆဲဖြစ်တယ်လို့ အကျိုးဆောင်အများစုက သုံးသပ်နေကြပါတယ်။
''ရှေ့နှစ်မှာ အိမ်မြေအရောင်းအဝယ်အလားအလာ ဘယ်လိုရှိနိုင်မယ်ဆိုတာထက် လက်ရှိအခြေအနေကိုပဲ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်အောင် လုပ်နေပါတယ်။ ဒါပေမဲ့ လက်ရှိကျင့်သုံးနေတဲ့ အခွန်စနစ်ကတော့ အဆင်မပြေဘူး၊ ပြန်သုံးသပ်သင့်တဲ့ စနစ်ပါ။ ဒါက ကျွန်တော်တို့ အိမ်ခြံမြေအကျိုးဆောင်တွေ အလုပ်ဖြစ်ချင်တဲ့ အချက်တစ်ခုတည်းကြောင့်ပြောတာ မဟုတ်ပါဘူး။ အခွန်ထမ်းပြည်သူတွေ ဥပဒေနဲ့အညီ အခွန်ဆောင် အမည်ပေါက် လုပ်ချင်လာအောင်
ဖြစ်ပါတယ်။ ဈေးကွက်က အခွန်စနစ်နဲ့ ရာခိုင်နှုန်းအတော်များများ သက်ဆိုင်ပါတယ်''လို့ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောပါတယ်။
၂ဝ၁၅ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ်မ ၂၄ အရ ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်ခဲ့တဲ့ အိမ်ခြံမြေအခွန်နှုန်းထားက အိမ်မြေတန်ဖိုး တစ်ကျပ်က ကျပ်သိန်း ၁,ဝဝဝ အထိ သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ ကနေ ကျပ်သိန်း ၅,ဝဝဝအထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝ၁ က ကျပ်သိန်း ၁ဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝ၁ က ကျပ်သိန်း ၁၅,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁၅,ဝဝ၁ နဲ့ အထက် ၃ဝ ရာခိုင်နှုန်း အခွန်ဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ်၊ ဧပြီ ၁ ရက်က စတင်အကျိုးသက်ရောက်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝ၁ က ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ နဲ့အထက် ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ပါတယ်။ ဒီနှုန်းထားနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ၂ဝ၁၆၊ မတ်လကုန်အထိကျင့်သုံးခဲ့တဲ့ နှုန်းထားဟာ အိမ်မြေဝယ်ယူသူတွေအတွက် အများကြီး လုပ်သာကိုင်သာရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
''အိမ်မြေအရောင်းအဝယ်ကတော့ အားရစရာကောင်းလောက်အောင် မဖြစ်သေးပါဘူး။ အရောင်းအဝယ်လုပ်ရာမှာ ဝယ်သူအတွက် နာမည်ပေါက်ဖို့ အခွန်နှုန်းထားက အတော်စဉ်းစားစရာဖြစ်နေပါတယ်။ ရာဖြတ်တန်ဖိုးတွေက မနှစ်ကထက် ရာခိုင်နှုန်း နည်းသွားတယ်ဆိုပေမဲ့ လူတွေက အခွန်နှုန်းထားကို ပိုစိတ်ဝင်စားကြပါတယ်။ တန်ဖိုးသင့်တင့်တဲ့ အကွက်အကွင်းတွေပဲ အများဆုံးအားထားအလုပ်လုပ်ကြရဦးမယ်''လို့အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက
ပြောပါတယ်။
Credit: Myanmar Times