အမေရိကန်ပြည်ထောင်စုအခြေစိုက် နာမည်ကျော် ကာစီနိုလုပ်ငန်းကုမ္ပဏီဖြစ်သော Las Vegas Sands သည် ဂျပန်နိုင်ငံတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ သုံးစွဲကာ ကမ္ဘာ့အဆင့်မီ ဘက်စုံအပန်းဖြေစခန်းကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်လျက်ရှိကြောင်း ဂျပန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျပန်တွင်မူ ကာစီနိုမဟုတ်သည့် အပန်းဖြေပုံများကိုသာ ဦးတည်သွားမည်ဟု ဆိုသည်။ဂျော့ခ်ျ တာနာစီဂျီဗစ်ခ်ျက ပြောကြားရာတွင် Las Vegas Sands သည် စင်္ကာပူရှိ Marina Bay Sands အပန်းဖြေစခန်းထက် သာလွန်သည့် အပန်းဖြေစခန်းတည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
တာနာစီဂျီဗစ်ခ်ျသည် Marina Bay Sands ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။
ယခုအခါဂျပန်သည် ကာစီနိုကစားဝိုင်းများကို ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ဥပဒေများကို ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိနေသည်။
အကယ်၍ လာ့စ်ဗီးဂပ်စ်အခြေစိုက် အမေရိကန်ကုမ္ပဏီက ဂျပန်တွင် ဘက်စုံအပန်းဖြေစခန်းတည်ဆောက်ရန် အမှန်တကယ် ခြေလှမ်းလာပါက ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်သွားဖွယ်ရှိကြောင်း တာနာစီဂျီဗစ်ခ်ျက ခန့်မှန်းထားသည်။
အဆိုပါပမာဏမှာ Las Vegas Sands အနေဖြင့် အပန်းဖြေစခန်းတစ်ခုအပေါ်တွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း တာနာစီဂျီဗစ်ခ်ျက ပြောကြားသည်။
ဂျပန်ပြည်သူတို့မှာ အခြေခံအားဖြင့် ကာစီနိုလောင်းကစားဝိုင်းများကို မနှစ်မြို့ကြချေ။
ထို့ကြောင့် အခြားသော အဆောက်အအုံများဖြစ်သည့် ကမ္ဘာ့အဆင့်မီဖျော်ဖြေပွဲခန်းမများ၊ အားကစားဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်းသည်သာ ကမ္ဘာလှည့်ခရီးသည်တို့ကို အဓိကဆွဲဆောင်နိုင်မည့်အရာများဖြစ်လာကြောင်းလည်း တာနာစီဂျီဗစ်ခ်ျက ဆိုသည်။
Las Vegas Sands သည် ကမ္ဘာတစ်ဝန်းတွင် ဘက်စုံအပန်းဖြေစခန်းပေါင်း ၉ ခု လုပ်ကိုလျက်ရှိရာ စင်္ကာပူရှိ ကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံတန်ကြေးရှိ Marina Bay အပန်းဖြေစခန်းလည်း ပါဝင်သည်။
အခြားအမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် Hard Rock International သည်လည်း ဂျပန်ဈေးကွက်သို့ ချဲ့ထွင်ရန် ပြင်ဆင်လျက်ရှိနေသည်။
Hard Rock International သည် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်ပေါင်း ၇၅ ခုတွင် ဟိုတယ်များ၊ ကာစီနိုများနှင့် အခြားလုပ်ငန်းများစွာ လည်ပတ်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)