ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ စမ်းလှမ်းကျေးရွာကို ကနဦး ရွေးချယ်ထားကြောင်း ထားဝယ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ထားဝယ်မှ ၁၇ မိုင်ခန့် ကွာဝေးပြီး ပင်လယ်ကမ်းစပ်တွင် တည်ရှိသည့် စမ်းလှမ်းကျေးရွာတွင် CBT လုပ်နိုင်ရန် စက်တင်ဘာလ ၃၀ ရက်နေ့က ဟိုတယ်/ ခရီးဌာန တာဝန်ရှိသူများနှင့် ခရိုင်ခရီးသွား လုပ်ငန်းရှင်အသင်းတို့က ယင်းကျေးရွာကို သွားရောက်ကာ မြေနေရာရှာခဲ့ပြီး ရပ်/ကျေး တာဝန်ရှိသူများကို ရှင်းပြခဲ့ကြောင်း ခရိုင်ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။
ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းက ဦးဆောင် လုပ်ကိုင်ရန် စဉ်းစားထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါရွာတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နိုင်ရန် တိုင်းအစိုးရ ခွင့်ပြုချက်လိုအပ်ပြီး ဌာနမှ တင်ပြသွားမည်ဟု သိရကြောင်း ဒေါ်မိုးမိုးသူက ဆိုသည်။
“အစိုးရအဖွဲ့က ခွင့်ပြုမယ်ဆိုရင် ဒီနှစ် ပွင့်လင်းရာသီထဲမှာ လုပ်နိုင်ဖို့ မှန်းထားတယ်”ဟု ဒေါ်မိုးမိုးသူက ဆိုသည်။
ယင်းကဲ့သို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးလာမည် ဖြစ်သည့်အတွက် ကြိုဆိုမည်ဖြစ်ပြီး တတ်နိုင်သမျှ လက်တွဲ ကူညီသွားမည်ဟု စမ်းလှမ်းရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောသည်။
“ရပ်ရွာ အကျိုးရှိမယ့် လုပ်ငန်းဆိုတော့ တတ်နိုင်သမျှတော့ ကူသွားမယ်၊ ဆွေးနွေးတာတော့ ဆွေးနွေးရဦးမယ်”ဟု ဦးအောင်ကြီးက ဆိုသည်။
ထားဝယ်ဒေသတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်မည်ဆိုပါက ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အောင်မြင်မှုရရန် အစိုးရ၏ ထောက်ပံ့ကူညီမှုများ လိုအပ်ကြောင်း ထားဝယ်မြို့ပေါ်မှ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။
ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းမှာ ဒေသခံများ၏ ဓလေ့စရိုက်များကို ကျေးရွာအတွင်း နေထိုင်၍ လေ့လာခြင်း၊ လေ့လာလည်ပတ်ရန် နေရာများ စီစဉ်ပေးခြင်းနှင့် အစားအသောက်များ စီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးကာ ခရီးသွား လုပ်ငန်းများမှ ဧည့်သည်များကို ပို့ဆောင်ပေးသည့် လုပ်ငန်းဖြစ်သည်။
အဆိုပါ လုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်အချို့ကို ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုကြောင်း ၎င်းတို့ထံမှ သိရသည်။
Credit: The Voice