လန်ဒန်သည် ဆန်ဖရန်စစ္စကိုအား ကျော်လွန်၍ နည်းပညာကုမ္ပဏီများအတွက် ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းဈေးကွက် ဖြစ်လာကြောင်း ယူကေအခြေစိုက် ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Knight Frank ၏ မကြာသေးမီက
ထုတ်ပြန်လိုက်သော ကမ္ဘာ့မြို့များအစီရင်ခံစာအရ သိရသည်။
လန်ဒန်တွင် ရုံးခန်းဈေးများသည် ပျမ်းမျှအားဖြင့် ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၇၅
(၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၉၇၆ ဒသမ ၈၃) ရှိလာကာ
ဆန်ဖရန်စစ္စကိုတွင် ပျမ်းမျှ ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၇၇ ဒေါ်လာ ရှိသည်။
ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများသည် ဥရောပနှင့် မြောက်အမေရိကန်
ရုံးခန်းဈေးကွက်များတွင် ခြေကုပ်ယူ၍ ရုံးခန်းဖွင့်လှစ်မှု လျော့နည်းလာသည်။ ယင်း၏
အထင်ရှားဆုံးသက်သေမှာ အာရှရုံးခန်းဈေးကွက်များက ၎င်းဈေးကွက်တို့ကဲ့သို့
ဈေးကြီးလာခြင်း ဖြစ်သည်။
နည်းပညာကုမ္ပဏီများအတွက် ဈေးအကြီးဆုံးအာရှရုံးခန်းဈေးကွက် ၈ ခုအား
အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
၁။ ဘန်ကောက်
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၂၅ ဒေါ်လာ
- ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘန်ကောက်သည် နည်းပညာကုမ္ပဏီများတွက်
အာရှတွင် ဈေးအကြီးဆုံးနေရာ ဖြစ်သည်။ "နည်းပညာကုမ္ပဏီများအတွက်
ကမ္ဘာ့ဈေးအကြီးဆုံးအဆင့်" တွင်လည်း လော့စ်အိန်ဂျလိစ်နှင့်အတူ သတ္တမနေရာတွင်
ရှိသည်။ ၎င်းကမ္ဘာ့အဆင့်တွင် နယူးယောက်စီးတီးက အဋ္ဌမ၊ ဘော်စတွန်က ဆဋ္ဌမနှင့်
ပဲရစ်က ပဉ္စမဖြစ်သည်။
၂။ ပေကျင်း
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ
- ပေကျင်းသည် ကမ္ဘာ့အဆင့်တွင် န၀မနေရာ၌ ရှိသည်။ ပေကျင်းဈေးကွက်သို့ ယခုနှစ်မှ
၂၀၂၁ ခုနှစ်အထိ အဆင့် "က" ရုံးခန်းနေရာ စတုရန်းပေ ၃၅ ဒသမ ၅ သန်းခန့်
ဝင်ရောက်မည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြသည်။
၃။ စင်္ကာပူ
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၄၅ ဒေါ်လာ
- စင်္ကာပူသည် ကမ္ဘာ့အဆင့်တွင်မူ နံပါတ် ၁၄ နေရာတွင် ရှိသည်။ သုတေသနနှင့်
ဖွံ့ဖြိုးရေးဗဟိုဌာနများနှင့် အိုင်စီတီအဖွဲ့အစည်းများအတွက် မြေ ဟက်တာ ၂၀၀ ကို
မဟာစီမံကိန်း ချထားသည်။
၎။ ဟောင်ကောင်
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၉၀ ဒေါ်လာ
- ကမ္ဘာ့ဈေးအကြီးဆုံးအိမ်ရာဈေးကွက်ဖြစ်သည့် ဟောင်ကောင်သည်
နည်းပညာကုမ္ပဏီများအတွက် ကမ္ဘာ့ဈေးအကြီးဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ Cyber
port အရပ်သည် မဲလ်ဘုန်း (၃၂ ဒသမ ၀၅) နှင့် ဆစ်ဒနီ (၃၃ ဒသမ ၈၀) တို့ထက်ပင်
ဈေးကြီးနေပြီဖြစ်သည်။
၅။ ရှန်ဟိုင်း
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅၀ ဒေါ်လာ
- ကမ္ဘာ့အဆင့် ၂၃ နေရာတွင် ရှိသည်။ Vanke၊ Ping'an နှင့် Greenland တို့ကဲ့သို့
အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းချရေး
ကုမ္ပဏီ) များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုပိုမိုရှာဖွေကြမှုနှင့်အတူ
ရှန်ဟိုင်းစီးပွားရေးအား အီလက်ထရောနစ်ကုန်သွယ်ရေးစနစ်က တွန်းအားပေး
မောင်းနှင်းနေသည်။
၆။ ဒေလီ
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄၀ ဒေါ်လာ
- ဒေလီရှိ Gurgaon (Cyber City) ဧရိယာသည် Amazon India ၏ ပထမဆုံးသော
ဖက်ရှင်စတူဒီယို BLINK အပါအ၀င် အီလက်ထရောနစ်ကုမ္ပဏီကြီးများ၏ ဇာတိမြေ
ဖြစ်သည်။
၇။ ဆိုးလ်
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၅ ဒေါ်လာ
- ကမ္ဘာ့အဆင့်တွင် ၂၆ နေရာ၌ ရှိသည်။ ဆိုးလ်သည် ယခုအခါ
စမတ်မြို့ပြနည်းပညာများတွင် ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့ဖြစ်လာပြီဖြစ်သည်။
၈။ ကွာလာလမ်ပူ
- ပျမ်းမျှဈေးနှုန်း - ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၅ ဒေါ်လာ
- ကမ္ဘာ့အဆင့်တွင် ၂၈ နေရာ၌ ရှိသည်။ ပို့ဆောင်ရေးအခြေခံအဆောက်အအုံ
ကျယ်ပြန့်လာမှုများက မြို့တော်၏ ရုံးခန်းဈေးကွက်ကို မြင့်တက်စေသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com