ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း နယူးယောက်မြို့ကြီး၏ အိမ်ရာမဲ့ပမာဏမှာ မဟာစီးပွားပျက်ကပ်ကြီးနောက်ပိုင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိလာခဲ့သည်။
မဟာစီးပွားပျက်ကပ်ဟူသည်မှာ ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးကျဆင်းမှု အပြင်းအထန်ရင်ဆိုင်ရခြင်းဖြစ်ပြီး ၁၉၃၀ ပြည့်လွန်ကာလများ ဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမေရိကန်ပြည်ထောင်စုမှ စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအများစုတွင် ၁၉၂၉ ခုနှစ်မှစတင်ပြီး ၁၉၄၁ ခုနှစ်အထိ ကြာမြင့်ခဲ့သည်။
ထို့ကြောင့် ၂၀ ရာစုတွင် အကြာရှည်ဆုံးနှင့် အပျံ့နှံ့ဆုံး စီးပွားပျက်ကပ်ဖြစ်ခဲ့သည်။
ယခုနှစ် ဇူလိုင်လတွင် နယူးယောက်၏ ဒုက္ခသည်စခန်းများတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ပေါင်း ၆၀၅၀၀ ဦးအထိ ရှိနေသည်။
သို့အတွက် အိမ်ရာမဲ့ဦးရေလျှော့ချနိုင်ရန်အတွက် မြို့တော်ဝန် ဒီဘလာစီယိုနှင့် အုပ်ချုပ်ရေးအဖွဲ့က စီမံကိန်းတစ်ခုစတင်လိုက်သည်။
ယင်းမှာ အိမ်ရာမဲ့တို့သည် နယူးယောက်မြို့ပြင်တွင် နေအိမ်ခန်းရှာဖွေနေထိုင်မည်ဆိုပါက တစ်နှစ်တာအိမ်ငှားခ ပေးအပ်သွားမည့် အစီအစဉ်ဖြစ်သည်။
နယူးယောက်မြို့တော်ဝန်သည် ယခင်ကလည်း အိမ်ရာမဲ့တို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း ခွင့်ပြုချက်ပေးခဲ့သည့် ဒေသငါးနေရာတွင် လူနေခန်းအလုံအလောက်မရှိခဲ့ချေ။
ယခုအစီအစဉ်တွင်ကား နယူးယောက်မြို့တွင်းမှ ထွက်ခွာမည့်သူတိုင်းကို ထောက်ပံ့ပေးမည် ဖြစ်သည်။
အိမ်ရာမဲ့များ ခိုလှုံရန် စီစဉ်ပေးသူများထံ အီးမေးလ်ပေးပို့ကာ နယူးဂျာစီပြည်နယ်၊ နယူးအာ့ခ်မြို့တွင် လူနေအိမ်ရာ ၁၇ ခုတွင် လူနေခန်းများ ရရှိနိုင်မှုအခြေအနေများကို အသေးစိတ်ပေးပို့ထားပြီးဖြစ်သည်ဟု ဆိုသည်။
နယူးယောက်မြို့တော် အိမ်ရာမဲ့စခန်းများတွင် ဘတ်စ်ကားများ စီစဉ်ပေးခဲ့ပြီး အဆိုပါလူနေခန်းများကို သွားရောက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)