အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်တွင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအဖွဲ့ တစ်ခုဖြစ်သော Oxfam အဖွဲ့က ဒေါ်နယ်ထရမ့်ငယ်စဉ်ကနေထိုင်ခဲ့သည့်နေအိမ်ကိုငှားရမ်းကာ ဒုက္ခသည်များနှင့် သတင်းထောက်များ တွေ့ဆုံစေမှုများပြုလုပ်ကာ ဒုက္ခသည်များအရေးကို ကမ္ဘာက အာရုံစိုက်လာစေရန် ကြိုးပမ်းခဲ့ကြသည်။
Oxfam အဖွဲ့သည် ဒေါ်နယ်ထရမ့်၏နေအိမ်ကို Airbnb မှတစ်ဆင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဝါရှင်တန်ဒီစီမှ နယူးယောက်သို့ ဒေါ်နယ်ထရမ့်လာရောက်ချိန်တွင် ယင်းသို့လှုပ်ရှားခဲ့ကြခြင်းလည်း ဖြစ်သည်။
Oxfam သည် ဒုက္ခသည်လေးဦးကို ဖိတ်ခေါ်ကာ ၎င်းတို့ငှားရမ်းထားသောအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းခန်းများ စီစဉ်ပေးခဲ့သည်။
ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုတွင် စတင်ပြဌာန်းခဲ့သော မွတ်စလင် ၆ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခွင့် ပိတ်ပင်သည့်အမိန့်တစ်ရပ်ပြဌာန်းလိုက်ခြင်းအပေါ် ရတက်မအေးဖြစ်ရကြောင်းများ ယင်းဒုက္ခသည်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ထရမ့်၏ တားမြစ်ချက်သည် ဥပဒေရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် တရားလွှတ်တော်ချုပ်က ယာယီမူဝါဒတစ်ရပ်အဖြစ် ခွင့်ပြုပေးခဲ့သည်။
သို့ရာတွင် လာမည့် အောက်တိုဘာလ ၁၀ ရက်တွင် ထရမ့်၏ခရီးသွားခွင့်တားမြစ်ပိတ်ပင်မှုကို တရားသူကြီးများက ပြန်လည်ကြားနာ
စစ်ဆေးသွားကြဦးမည် ဖြစ်သည်။
ထရမ့်၏ နေအိမ်ဟောင်းကို Airbnb တွင် တစ်ညလျှင် ကန်ဒေါ်လာ ၇၂၅ ဖြင့် အငှားစာရင်းတင်ခဲ့ခြင်းဖြစ်သည်။
တူးဒေါ်ဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ရာ အိမ်ခြံမြေလုပ်ငန်းရှင် မိုက်ကယ်ဒေးဗစ်က ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့သည်။
ဒေးဗစ်က ပြီးခဲ့သော မတ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁၄ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။ယခုနောက်ဆုံးပိုင်ရှင်တို့က တစ်လလျှင် ကန်ဒေါ်လာ ၃၅၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်သည် အဆိုပါနေအိမ်တွင် အသက် ၄ နှစ်သားအရွယ်အထိသာ နေထိုင်ခဲ့ခြင်းဖြစ်သော်လည်း Airbnb ဝက်ဘ်ဆိုက်က ဒေါ်နယ်ထရမ့်အမှတ်ရဖွယ်များ ဖော်ပြကြော်ငြာထားခဲ့သည်။
ယင်းသို့ကြော်ငြာရာတွင် ထရမ့်၏စာအုပ် Trump: The Art of the Deal စာအုပ်၊ ဒေါ်နယ်ထရမ့်၏ဓာတ်ပုံများ၊ ယင်းနေအိမ်ဧည့်ခန်းတွင် ထရမ့်၏ ကိုယ်လုံးပြည့်ပုံစံ ဖြတ်ပိုင်းစကို ချထားကာ ကြော်ငြာထားခဲ့သည်။
Oxfam America ၏ ဒါရိုက်တာဖြစ်သူ ရှန်နွန် စခရစ်ဘ်နာက ပြောကြားရာတွင် “ဒေါ်နယ်ထရမ့်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဆီ ကျွန်တော်တို့ ပေးပို့ချင်တဲ့ သတင်းစကားက သူတို့အနေနဲ့ ဒုက္ခသည်တွေကို ကြိုဆိုဖို့ ပိုလုပ်ရမယ်ဆိုတာပါပဲ” ဟု ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)