အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အင်ပိုင်ယာစတိတ်အမည်ရှိ မိုးမျှော်တိုက်ကြီးရှိပြီး ၁၂၅၀ ပေအမြင့်ရှိ၏။
အထပ်ပေါင်း ၁၀၂ ထပ်ရှိကာ အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါမိုးမျှော်တိုက်ကြီးသည် ဆောက်လုပ် ပြီးစီးစ ကာလများက ကမ္ဘာပေါ်တွင် အမြင့်မားဆုံးမိုးမျှော်တိုက်ကြီးအဖြစ် ရပ်တည်ခဲ့သည်။
အင်ပိုင်ယာစတိတ်သည် မရေမတွက်နိုင်သော ရုပ်ရှင်ဇာတ်ကားများ၊ အနုပညာလက်ရာများတွင် ပါဝင်ခဲ့သည်။
နယူယောက်မြို့၊ မန်ဟက်တန်အရပ်၊ ပဉ္စမရိပ်သာလမ်း၊ အနောက် ၃၃ လမ်းနှင့် ၃၄ လမ်းအကြားတွင် တည်ရှိသည်။
အင်ပိုင်ယာစတိတ်ဟု အမည်တွင်ရခြင်းမှာ နယူးယောက်မြို့ကြီး၏ နာမည်ပြောင်ဖြစ်သော အင်ပိုင်ယာစတိတ်မှ မြစ်ဖျားခံခြင်း ဖြစ်သည်ဟု ဆိုသည်။
အင်ပိုင်ယာစတိတ်သည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် ဆောက်လုပ်ပြီးစီးခဲ့သည့် ၁၉၃၁ ခုနှစ်၊ နှစ်စပိုင်းမှစကာ နှစ်ပေါင်း ၄၀ ကျော်ရပ်တည်ခဲ့သည်။
၁၉၇၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင်မူ World Trade Center ၏ မြောက်ဘက်တာဝါကြီးဆောက်လုပ်ပြီးချိန်တွင် အမြင့်ဆုံးဟူသည့်အဖြစ်မှ ကျဆင်းသွားခဲ့ရသည်။
သို့ရာတွင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကြောင့် World Trade Center ကြီး ပြိုကျခဲ့ရပြီးနောက် အင်ပိုင်ယာစတိတ်မှာ နယူးယောက်၏ အမြင့်မားဆုံးအဆောက်အအုံအဖြစ် ပြန်လည်ဦးဆောင်လာခဲ့ပြန်သည်။
အင်ပိုင်ယာစတိတ်သည် လက်ရှိအားဖြင့် အမေရိကတွင် ပဉ္စမမြောက် အမြင့်မားဆုံးနှင့် ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံများ စာရင်း တွင် နံပါတ် ၃၅ နေရာတို့၌ ရပ်တည်လျက်ရှိသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတတာဝန်မထမ်းဆောင်မီ ယခင်က နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိခဲ့။သို့ရာတွင် ကောက်ကြောင်းပန်းချီရေးဆွဲသည့်အတွေ့အကြုံကောင်းများ ရှိနေသည်ဟု ဆိုနိုင်သည်။
နယူးယောက်ရှိ ထရမ့်တာဝါ၏ ကောက်ကြောင်းပုံရေးဆွဲထားသော ပန်းချီကားကို လေလံတင်ရောင်းချခဲ့ရာတွင် အံ့အားသင့်ဖွယ် ဈေးနှုန်းအဖြစ်
ကန်ဒေါ်လာ ၂၉၁၈၄ အထိ ရရှိခဲ့ဖူးသည်။
(ထရမ့်တာဝါကောက်ကြောင်းပန်းချီကား လေလံတင်ခဲ့သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/640600 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
ယခုအခါ အင်ပိုင်ယာစတိတ်မိုးမျှော်တိုက်ကြီးပုံရေးဆွဲထားသော ကောက်ကြောင်းပန်းချီကားသည်လည်း လေလံတင်ရောင်းချတော့မည် ဖြစ်ပြီး ကန်ဒေါ်လာ ၁၂၀၀၀ ဝန်းကျင်ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ကောက်ကြောင်းပန်းချီတွင် လက်မှတ်ရေးထိုးထားသည့် ရက်စွဲဖြစ်ပြီး ၁၉၉၅ ခုနှစ်ဟု လက်မှတ်ထိုးထားသည်။
အဆိုပါခုနှစ်မှာ အင်ပိုင်ယာစတိတ်အဆောက်အအုံကြီးကို ပိုင်ဆိုင်နိုင်ရန် ဒေါ်နယ်ထရမ့်အပြင်းအထန်ကြိုးပမ်းခဲ့သော ခုနှစ်ဖြစ်သည်။
အင်ပိုင်ယာစတိတ်အဆောက်အအုံကို ထရမ့်က အနက်ရောင်မင်ဖြင့် ကောက်ကြောင်းရေးဆွဲထားခြင်းဖြစ်ပြီး ပန်းချီကား အရွယ်အစားမှာ ၁၂” × ၉” အရွယ်အစားရှိသည်။
၁၉၉၅ ခုနှစ်တွင် ပရဟိတလုပ်ငန်းများအတွက် အဆိုပါကောက်ကြောင်းပန်းချီကို ထရမ့်က ဖလော်ရီဒါပြည်နယ်ရှိ ၎င်းပိုင် မာရာလာဂိုစံအိမ်ကြီးတွင် လေလံတင်ရောင်းချခဲ့သည်။
ထိုစဉ်က လေလံအောင်သည့်ဈေးနှုန်းမှာ ဒေါ်လာ ၁၀၀ ပင်မရှိခဲ့ချေ။
ယခုလေလံပွဲတွင်မူ ကန်ဒေါ်လာ ၈၀၀၀ မှ ၁၂၀၀၀ ကြားရရှိဖွယ်ရှိကြောင်း လော့စ်အိန်ဂျလိအခြေစိုက် Julien’s Auctions လေလံအဖွဲ့က ခန့်မှန်းထားသည်။
လာမည့် အောက်တိုဘာ ၁၉ ရက်တွင် ထရမ့်၏ကောက်ကြောင်းပန်းချီကို လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး လေလံပွဲတွင်သာမက အွန်လိုင်းမှပါ လေလံဆွဲနိုင်မည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)