ကမ္ဘာကျော်အဖော်အချွတ်မဂ္ဂဇင်းဖြစ်သော ပလေးဘွိုင်းမဂ္ဂဇင်းတည်ထောင်သူ ဟုခ်ျဟက်ဖ်နာ မကြာသေးမီရက်ပိုင်းက ကွယ်လွန်သွားခဲ့ရာ ကမ္ဘာ့သတင်းမီဒီယာတို့၏ ထိပ်တန်းသတင်းတစ်ရပ်ဖြစ်ခဲ့သည်။
ဟုခ်ျဟက်ဖ်နာ၏ စံအိမ်သည် အမေရိကတွင် အိမ်ဖြူတော်ပြီးလျှင် ဒုတိယမြောက် နာမည်အကျော်ဆုံးနေအိမ်ကြီးဖြစ်သည်။
ပလေးဘွိုင်းမဂ္ဂဇင်းသည် နာမည်ကျော်မော်ဒယ်များ၊ မင်းသမီးများ၏ အဖော်အချွတ်ပုံများ ဖော်ပြခြင်းဖြင့် နာမည်ကြီးပြီး အနောက်တိုင်းယောက်ျားပျိုတိုင်း ဝယ်ယူလေ့ရှိသောမဂ္ဂဇင်းလည်း ဖြစ်သည်။
ဟုခ်ျဟက်ဖ်နာသည် ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်အရွယ် ရှိပြီဖြစ်သည်။
၁၉၂၇ တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် အခန်းပေါင်း ၂၉ ခန်းပါဝင်ကာ ဂေါ့သစ် တူးဒေါ်ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။
တည်နေရာမှာ လော့စ်အိန်ဂျလိမြို့ ၊ ဟွန်ဘီဟေးလ်အရပ်တွင် ဖြစ်သည်။
မြေအကျယ်အဝန်း ၅ ဧကရှိသည့် အဆိုပါခြံဝန်းကို ဟက်ဖ်နာက ၁၉၇၁ ခုနှစ်တွင် ကန်ဒေါ်လာ တစ်သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတသမားများ၊ နိုဘယ်လ်ဆုရှင်များအတွက် ပါတီပွဲများ မကြာခဏကျင်းပပေးလေ့ရှိသည်ဟု ဆိုသည်။
ဟက်ဖ်နာမကွယ်လွန်မီ အိမ်နီးချင်းဖြစ်သူ ဒါရန် မက်ထရိုပေါလပ်စ်အား ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရောင်းချခဲ့ပြီးလည်း ဖြစ်သည်။
ဟုခ်ျဟက်ဖ်နာ ကွယ်လွန်ချိန်အထိ နေထိုင်ခွင့်ရှိသည်ဟူသော သဘောတူညီချက်ထားကာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
အိမ်ငှားဘဝသို့ရောက်သွားပြီဖြစ်သော ဟုခ်ျဟက်ဖ်နာအနေဖြင့်
နေအိမ်ကို အကြီးစားပြင်ဆင်ခွင့်ကား မရတော့ချေ။
နေအိမ်အတွင်း ဝိုင်သိုလှောင်ခန်းတစ်ခု၊ အိမ်တွင်းရုပ်ရှင်ရုံတစ်ခု၊ အားကစားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်းနှင့် ရေကူးကန်တစ်ခု၊ အိပ်ခန်း ၄ ခန်းပါ ဧည့်ဂေဟာတို့ ပါဝင်သည်။
ယခုအခါပိုင်ရှင်သစ်ဖြစ်သော မက်ထရိုပေါလပ်စ်သည် ပလေးဘွိုင်းခြံဝန်းကြီးကို ကပ်လျက်ရှိ ၇ ဒသမ ၃ ဧက ကျယ်ဝန်းသော ၎င်းပိုင်ခြံဝန်းကြီးနှင့် ပေါင်းစည်းကာ ပြုပြင်မွမ်းမံမှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိလေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)