အိုင်ဗန်ကာ ထရမ့်၏ အမည်အပြည့်အစုံမှာ အိုင်ဗန်နာ မာရီ အိုင်ဗန်ကာ ထရမ့် ဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် မွေးဖွားသည်။
လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ခြင်းခံထားရသည်။
ကောလိပ်တက်ရောက်စဉ်ကာလအတွင်း အိုင်ဗန်ကာသည် ဂရက်ဟာ့ရှ်အမည်ရှိ ဘဏ်လုပ်ငန်းရှင်နှင့် လေးနှစ်ခန့် ချစ်ကျွမ်းဝင်ခဲ့သည်။
ယင်းနောက် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဂျိမ်းစ် ဘင်ဂို ဂူဘယ်လ်မန်းနှင့် မေတ္တာမျှခဲ့ပြန်သည်။
ဂူဘယ်လ်မန်းနှင့် လမ်းခွဲပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်အတွင်းတွင်ပင် မိတ်ဆွေသူငယ်ချင်းများ၏ တွေ့ဆုံမိတ်ဆက်ပေးမှုဖြင့် အိမ်ခြံမြေလုပ်ငန်းရှင် ဂျရက်ဒ် ကွတ်ရှ်နာ (လက်ရှိ ခင်ပွန်းဖြစ်သူ) နှင့် သိကျွမ်းရင်းနှီးကာ စတင်ချစ်ကျွမ်းဝင်ခဲ့၏။
နောက်ပိုင်းတွင်မူ ကွတ်ရှ်နာ၏ မိဘများက သဘောမတူသောကြောင့် ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။
နောက်ပိုင်းတွင်မူ ပြန်လည်ပေါင်းထုတ်ခဲ့ကြပြန်ပြီး ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် လက်ထပ်ခဲ့ကြသည်။
၎င်းတို့ဇနီးမောင်နှံတွင် သား ၂ ဦးနှင့် သမီးတစ်ဦး ထွန်းကားထားသည်။
အိုင်ဗန်ကာသည် ဖခင်ဖြစ်သူနှင့် အနီးကပ်ဆက်ဆံရေးရှိပြီး ဒေါ်နယ်ထရမ့်ကလည်း သမီးဖြစ်သူအပေါ် များစွာမျှော်လင့်ထားကြောင်း လည်း မကြာခဏထုတ်ဖော်ပြောကြားဖူးသည်။
အိုင်ဗန်ကာကလည်း ဖခင်အပေါ် မကြာခဏထုတ်ဖော်ချီးမွမ်းခဲ့ဖူးရာ ထရမ့်၏ခေါင်းဆောင်မှုစွမ်းရည်နှင့် အခြားသူတို့ကို ခွန်အားပေးစွမ်းနိုင်မှုတို့ကို မကြာခဏချီးကျူးလေ့ ရှိသည်။
အိုင်ဗန်သည် ပဲရစ်ဟီလ်တန်နှင့် ကလေးဘဝကတည်းက သူငယ်ချင်းများဖြစ်ကြသည့်အပြင် ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ဖခင်ဖြစ်သူ၏ အဓိကပြိုင်ဖက် ဟီလာရီကလင်တန်၏ သမီး ချယ်လ်ဆီးကလင်တန်၊ ဘလွန်းဘာ့ဂ်ျတည်ထောင်သူ မိုက်ကယ်ဘလွန်းဘာ့ဂ်ျ၏ သမီး ဂျော်ဂျီနာ ဘလွန်းဘာ့ဂ်ျတို့နှင့်လည်း သူငယ်ချင်းများ ဖြစ်သည်။
ယခုနှစ် အချက်အလက်များအရ အိုင်ဗန်ကာတို့ ဇနီးမောင်နှံ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၇၄၀ ခန့်ရှိကြောင်း ခန့်မှန်းထားကြသည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၅၀၂ အဆောက်အအုံကို Trump Park Avenue ဟု အမည်ပေးထား၏။
အဆိုပါမိုးမျှော်တိုက်ကြီးကို ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အထပ်ပေါင်း ၃၂ ထပ် မြင့်မားသည်။တန်ဖိုးကြီးဇိမ်ခံကွန်ဒိုခန်းပေါင်း ၁၂၀ ပါဝင်ပြီး penthouse ၈ ခန်း ပါဝင်သည်။
အဆိုပါ မိုးမျှော်တိုက်ကြီးတွင် အိုင်ဗန်ကာ ပိုင်ဆိုင်သည့် ကွန်ဒိုခန်းတစ်ခန်းရှိပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်း ပါဝင်သည်။
အိုင်ဗန်ကာက အဆိုပါအခန်းကို ၂၀၀၄ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ပေးခဲ့ရ၏။အိုင်ဗန်ကာသည် Trump Park Avenue တွင်ပင် penthouse တစ်ခန်းပိုင်ဆိုင်ထားသေးပြီး လွန်ခဲ့သော ၆ နှစ်ခန့်က ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အိုင်ဗန်ကာတို့ မိသားစု နယူးယောက်သို့ရောက်လျှင် အဆိုပါ penthouse ခန်းတွင် စတည်းချလေ့ရှိကြသည်။
ယင်းအခန်းသည် ဈေးကွက်တွင် လပေါင်းများစွာရှိနေခဲ့ပြီး သုံးကြိမ်တိုင်ဈေးလျှော့ချပေးခဲ့ပြီးသည့်တိုင် ငှားရမ်းမည့်သူမရှိသေးချေ။
အိုင်ဗန်ကာသည် ဖခင်ဖြစ်သူ ရွေးကောက်ပွဲဝင်နေစဉ်ကာလအတွင်း အဆိုပါအခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့၏။
ငှားရမ်းမည့်သူမရှိသဖြင့် ဖေဖော်ဝါရီသို့အရောက်တွင် တစ်လလျှင် ကန်ဒေါ်လာ ၁၃၀၀၀ သို့ လျှော့ချပေးလိုက်ပြန်သည်။
သို့တိုင် ငှားရမ့်မည့်သူ မရှိသေးရာ ယခုအခါတစ်လလျှင် ကန်ဒေါ်လာ ၁၀၄၅၀ သို့ ထပ်မံလျှော့ချပေးလိုက်ရာ ရွေးကောက်ပွဲကာလ အငှားဈေးကွက်တင်ခဲ့သည့် ဈေးနှုန်းအောက် ၃၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)