ဘင်္ဂလားဒေ့ရှ်ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုသည် ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုတွင်
နေအိမ်ပေါင်း ၁ သောင်းအား စမတ်အိမ်နည်းပညာ တပ်ဆင်ပေးမည်
ဖြစ်ကြောင်း သိရသည်။
ဒါကာအခြေစိုက် DataSoft ကုမ္ပဏီသည် စမတ်အိမ်များအတွက် IoT အစီအစဉ်များ ဖော်ဆောင်ရန် ဂျပန်ကုမ္ပဏီ Smart Life နှင့် ပူးပေါင်းဆောင်ရွက်မှု
ဆိုင်ရာနားလည်မှုစာချွန်လွှာနှစ်ရပ်ကို စက်တင်ဘာ ၂၄ တွင်
လက်မှတ်ရေးထိုးခဲ့သည်။
ယင်းသဘောတူညီမှုက ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒီဂျစ်တယ်ဘင်္ဂလာ့ဒေ့ရှ်သို့
ထိုးဖောက်မှုတွင် မှတ်ကျောက်တင်တင်စရာတစ်ခု ဖြစ်သည်။ "ဒါဟာ
ကျွန်တော်တို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ" ဟု ၎င်းလက်မှတ်ရေးထိုးပွဲ
အခမ်းအနားတွင် အသိသက်သေပြုလုပ်ပေးခဲ့သော ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဝန်ကြီး တိုဖေးလ်အာမက်က ပြောကြားခဲ့သည်။
DataSoft က ဆော့ဖ်ဝဲတီထွင်တိုးတက်မှုတွင် CMMI Level 5 အသိအမှတ်ပြုခံရသည့် ပထမဆုံးကုမ္ပဏီဖြစ်လာမှုနှင့်အတူ စမတ်နည်းပညာရှေ့ဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် ဘင်္ဂလားဒေ့ရှ်၏ ဂုဏ်သတင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာခဲ့သည်။
DataSoft က လျှပ်စစ်ဓာတ်အားအသုံးပြုမှု လျှော့ချခြင်းနှင့် ထိန်းချုပ်ခြင်း၊
ဓာတ်ငွေ့ယိုစိမ့်မှု တားဆီးခြင်း၊ ရေဆိုးရေညစ် လျှော့ချခြင်း၊အခန်းတွင်းအပူချိန်
ထိန်းချုပ်ခြင်းနှင့် လုံခြုံမှုရှိစေခြင်း တို့ကဲ့သို့သော IoT နည်းလမ်းများကို
တီထွင်နေသည်။
"နောက်ထပ်နည်းပညာအဆင့်မှာဆိုရင် ကားဖြစ်ဖြစ် အိမ်သုံး
ပစ္စည်းတွေဖြစ်ဖြစ် အရာဝတ္ထုအားလုံးကို သက်ရှိအရာတွေလိုမျိုး အင်တာနက်နဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်" ဟု DataSoft ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မာဘုဇာမန်က ပြောကြားခဲ့သည်။
စမတ်အိမ်စီမံကိန်းသည် DataSoft အား တစ်အိမ်အတွက် အသားတင်ဝင်ငွေ
အမေရိကန်ဒေါ်လာ ၈ ထောင် နှင့် လစဉ်ဝန်ဆောင်ခနှုန်းထား
အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာ ရရှိစေမည်ဖြစ်ကြောင်း
သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com