အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ အနောက်ဟောလိဝုဒ်အရပ်တွင် ၂၄ ဧကကျော် ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ဖွင့်လှစ်ထားသော အထက်တန်းကျောင်းတစ်ခုတည်ရှိပြီး Fairfax High School ဟု အမည်ရ၏။
အဆိုပါအထက်တန်းကျောင်းကလေးတွင် အန်သိုနီ ကီဒစ်စ်၊ ဟီလယ်စလိုဗက်ခ်၊ ဖလီးနှင့် ဂျက်ခ်အိုင်းယွန်းအမည်ရှိ သူငယ်ချင်းလေးဦးရှိခဲ့ကြသည်။
၎င်းတို့ လေးဦးစုစည်းကာ အထက်တန်းကျောင်းသားဘဝတွင်ပင် တီးဝိုင်းကလေးတစ်ခု ဖွဲ့စည်းခဲ့ကြ၏။
အန်သိုနီက တေးဆို၊ စလိုဗက်ခ်က လိဒ်ဂစ်တာသမား၊ ဖလီးက ဘေ့စ်ဂစ်တာ၊ ဂျက်ခ်က ဒရမ်မာအဖြစ် ဖွဲ့စည်းခဲ့ကြသည်။
၎င်းတို့၏ တီးဝိုင်းကလေးမှာ နောင်အခါတွင် ကမ္ဘာကျော်လာလိမ့်မည်ဟု ထိုစဉ်က တွေးမထင်ထားခဲ့ကြချေ။
တေးဂီတဝိုင်းအမည်ကို Red Hot Chili Peppers ဟု အမည်ပေးခဲ့ကြပြီး အတိုကောက်အားဖြင့် RHCP ဟု ခေါ်ကြသည်။
ဂီတအမျိုးအစားမှာ ရော့ခ်ကို အခြေခံကာ funk ၊ punk rock ၊ psychedelic rock တို့ဖြင့် ပေါင်းစည်းထားသည်။
Red Hot Chili Peppers သည် ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံး band များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ပေါင်း ချပ်ရေ သန်း ၈၀ ကျော် ရောင်းချခဲ့ရပြီး ဖြစ်သည်။
ဂရမ်မီဆု ၁၆ ကြိမ် ဇကာတင်စာရင်းပါဝင်ခဲ့ပြီး ၆ ကြိမ် ဆုရရှိခဲ့သည်။
နောက်ပိုင်းတွင်မူ လူအပြောင်းအလဲများရှိခဲ့ပြီး ဒရမ်မာ ဂျက်ခ်အိုင်းယွန်းနေရာတွင် ကလစ်ဖ် မာတီနက်ဇ်ဝင်ရောက်လာခဲ့သည်။
မာတီနက်ဇ်သည် ယခုအခါ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သည်။
မကြာသေးမီက ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သော RockInRio” ရော့ခ်ဂီတပွဲတော်တွင် Red Hot Chili Peppers လည်း ပါဝင်ခဲ့သည်။
ယခုနှစ်အတွက် RockInRio” ကို ဘရာဇီးနိုင်ငံ၊ ရီယို ဒီဂျနေးရိုးမြို့တော်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ဦးဆောင်ပါဝင်သည့် ရော့ခ်ဂီတဝိုင်းများမှာ Guns N Roses ၊ Justin Timberlake ၊ Red Hot Chili Peppers ၊ Maroon 5 ၊ Bon Jovi ၊ Aerosmith နှင့် The Who တို့ ဖြစ်ကြသည်။
ယခုနှစ် RockInRio ကို စက်တင်ဘာ ၁၅ မှ ၁၇ ၊ စက်တင်ဘာ ၂၁ မှ ၂၄ အထိ ရီယိုဒီဂျနေးရိုးရှိ Barra Olympic Park တွင် ကျင်းပခဲ့သည်။
ထူးခြားသည်မှာ RockInRio တွင် ပါဝင်ခဲ့သော Bon Jovi က ဂီတပွဲအပြီးတွင် နေအိမ်ဝယ်ယူခဲ့ပြီး Red Hot Chili Peppers ဒရမ်မာက နေအိမ်ရောင်းချခဲ့ခြင်းဖြစ်သည်။
Bon Jovi နေအိမ်ဝယ်ယူခဲ့သည့်သတင်းကို iMyanmarHouse.com တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။https://www.imyanmarhouse.com/news/read/670592 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
ယခုအခါ ကလစ်ဖ် မာတီနက်ဇ်က လော့စ်အိန်ဂျလိရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၉၇၅၀၀၀ ဈေးခေါ်ထားသည်။
လော့စ်အိန်ဂျလိမြို့အနောက်ဘက်တွင် တည်ရှိပြီး နာမည်ကျော် မာလီဘူးနှင့် ပစိဖိတ် ပါလစ်ဆိတ်တို့အကြားတွင် တည်ရှိသည်။
ရှေးရိုးဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
ညစာစားခန်းမှာ ဧည့်ခန်းနှင့် ကပ်လျက်တည်ရှိပြီး မီးဖိုဆောင်မှာ မီးလင်းဖိုပါသည့် မိသားစုအခန်းနှင့် ဆက်သွယ်ထားသည်။
နှစ်ထပ်နေအိမ်ဖြစ်ပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ကာ ကြမ်းခင်းဧရိယာ ၂၁၃၉ စတုရန်းပေ ကျယ်ဝန်းသည်။
နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၁၉၉၃ ခုနှစ်အတွင်းကဖြစ်ပြီး ကန်ဒေါ်လာ ၂၅၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။ယခုဈေးကွက်တင်သည့် အိမ်ခြံမြေကုမ္ပဏီမှာ Snyder Sutton Real Estate ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)