ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီ ပြဿနာကြောင့် မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန်အထိ ဖိအားပေးကြိုးပမ်းမှုများ ရှိလာချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တစ်ရပ် ထွက်ပေါ်လာသည်မှာ များစွာ ကြိုဆိုရမည့်ကိစ္စပင်ဖြစ်ပေသည်။ အကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အရေးပါသော အပိုင်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေးကိစ္စတွင် မကြာသေးခင်က လွှတ်တော်က အတည်ပြုလိုက်သော အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေက များစွာ အခရာကျနေခြင်းကြောင့် ဖြစ်ပေသည်။
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ခြေလှမ်းသစ်များကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အံ့အားသင့်ခဲ့ရသည့် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အက်ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အက်ဥပဒေ ဟူ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဥပဒေနှစ်ရပ် ပြဋ္ဌာန်းခဲ့ရာမှ ယခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက်တွင် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ”အဖြစ် အသစ်ရေးဆွဲလိုက်ခြင်းဖြစ်ပေသည်။ ယခင်ဥပဒေ နှစ်ရပ်ကို ပေါင်းစပ်ကာ အကောင်းဆုံးဖြစ်အောင် ပြုပြင်ရေးဆွဲလိုက်သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေဟု ဆိုလျှင်လည်း ရမည်ဖြစ်သည်။
စာဖတ်သူများ၊ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်များ သိနှင့်ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူလိုက်သည့် လက်ထက်တွင် ဝေဖန်စရာထက် လည်ပင်းရှည်အောင် စောင့်ဆိုင်းခဲ့ရသည့် အရေးကိစ္စတစ်ခုမှာ မြန်မာ့ စီးပွားရေး အလားအလာနှင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိစ္စလည်း အပါအဝင် ဖြစ်သည်။ စီးပွားရေးပညာရှင် အချို့နှင့် လေ့လာစောင့်ကြည့်သူ အများစုက ယခုအစိုးရလက်ထက်တွင် စီးပွားရေး တိုးတက်မှု နှေးကွေးလာသည်ဟုပင် မှတ်ချက်ပေးလာခဲ့ကြသည်။ မှန်လည်း မှန်ပါသည်။ NLD အစိုးရ တက်လာပြီးနောက် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှုကိစ္စကို အသာထားပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၏ အနေအထား တစ်ခုတည်းကို ကြည့်မည်ဆိုလျှင် အေးတိအေးစက် သဘောမျိုး ဦးစွာ ဖြစ်လာခဲ့သည်ကို တွေ့ရပေသည်။ အကြောင်းမှာ အရင်းအနှီး အမြောက်အမြားရှိသူများမှာ တစ်ချိန်က ခရိုနီကြီးများပင်ဖြစ်ရာ ၎င်းတို့က လုပ်ငန်းသစ် တစ်ခုအတွက် စွန့်စားရမည့် အခြေအနေများကို လက်ရှောင်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ တစ်နည်းဆိုပါက အစိုးရသစ်က ထုတ်ပြန်မည့် မူဝါဒသစ်များနှင့် နိုင်ငံရေး အာဃာတတရားများကြားတွင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ကြားညပ်သွားမည်ကို စိုးရိမ်ကြီးလွန်းခဲ့ခြင်းကြောင့် လုပ်ငန်းသစ်များ စတင်ရန် လက်တွန့်ကာ အခြေအနေ အရပ်ရပ်ကိုသာ စောင့်ကြည့်ရုံ စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ မြန်မာပြည်တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြား ကုမ္ပဏီကြီးများကလည်း တိကျရေရာသော ရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်ရှိသေးသည်က တစ်ကြောင်း၊ ခေါင်းဆောင်ပိုင်းများ အပြောင်းအလဲဖြစ်တိုင်း မူဝါဒများ မကြာခဏဆိုသလို လိုက်ပါ ပြောင်းလဲတတ်သည့် သမိုင်းကြောင်းရှိသည်က တစ်ကြောင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး အစရှိသော အခြေခံ အဆောက်အဦများ အားနည်းချက်ရှိသည်ကတစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုများ မလုပ်သေးဘဲ လာရောက် လေ့လာရုံ၊ စောင့်ကြည့်ရုံသာ လုပ်ခဲ့ကြပေသည်။
သို့သော် ယခုထွက်ရှိလာသည့် ဥပဒေတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေနှင့် ပြည်တွင်း ကုမ္ပဏီတွင် အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ရယူပိုင်ဆိုင်ခွင့်ပြုထားသည်ကို တွေ့ရရုံမျှမက ပြည်ပနိုင်ငံသားများအနေနှင့် ပြည်တွင်း ကုမ္ပဏီများတွင် တိုက်ရိုက် ရှယ်ယာပါဝင်နိုင်ပြီး ရန်ကုန် စတော့ ဈေးကွက်၌ ရှယ်ယာဝယ်နိုင်မည့် အနေအထားမျိုး ဖန်တီးပေးထားရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းကြီးများ သာမက ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ဒလဟော ဝင်ရောက်လာနိုင်ရန် တံခါးကြီးကြီး ဖွင့်ပေးလိုက်ရာ ရောက်သည်ဟုပင် ဆိုရပေမည်။
တစ်နည်းဆိုရလျှင် ယခုရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် ရခိုင် ပဋိပက္ခကြောင့် မြန်မာအပေါ် အထင်အမြင် တစ်မျိုးဖြစ်ကာ စီးပွားရေးလုပ်ရန် တုဏှိဘာဝေ ဖြစ်နေသော ကော်ပိုရေးရှင်းကြီးများနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် ကစားကွင်းသစ် ဖောက်ပေးလိုက်သည့် အရာပင်ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ယုံကြည် စိတ်ချမှု ပိုမိုတိုးမြင့်လာအောင်သာ အစွမ်းကုန် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
Credit: The voice