အသေးစား အလတ်စားလုပ်ငန်း (SME) များကို ချေးငွေ တိုက်ရိုက်ကူညီနိုင်ရန်အတွက် ရန်ကုန်မြို့တော်ဘဏ်ကို
ယခုနှစ်ကုန်ပိုင်းတွင် လုပ်ငန်းလည်ပတ်မှုများ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တည်ထောင်ထားသည့် မြို့တော်ဘဏ်သည် လုပ်ငန်းလည်ပတ်မှု အားနည်းလျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေ အသစ်ပြဋ္ဌာန်းပြီး ဘဏ်ကိုအဆင့်မြှင့်၍ SME လုပ်ငန်းများကို
ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“လာမယ့် ဒီဇင်ဘာလအကုန်လောက်မှာ ရန်ကုန်စည်ပင်သာယာ ဥပဒေအသစ်နဲ့ မြို့တော်စီးတီးဘဏ်ကို အဆင့်မြှင့်တင်သွားပြီး SME လုပ်ငန်းတွေကို တိုက်ရိုက် ကူညီသွားမယ်”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ အသေးစား အလတ်စား လုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းများကို အောက်တိုဘာလတွင် စတင်စာရင်း ကောက်ယူနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ခြောက်သောင်းသုံးရာကျော်ရှိပြီး စက်မှုလုပ်ငန်းပေါင်း လေးသောင်းခုနစ်ထောင်ကျော်ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။
Credit: The Voice