နိုင်ငံရဲ့ ခေတ်မီမှုနဲ့ မြန်ဆန်တဲ့ မြို့ပြပြုမှုတွေ ရှိပေမဲ့လည်း စင်္ကာပူနိုင်ငံသားတွေနဲ့
ပရလောကရဲ့ ဆန်းကြယ်မှုတွေအကြား ပက်ပင်းတိုးရင်ဆိုင်ရမှုမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ကျောင်းနေကလေးများမှ အငှားယာဉ်မောင်းတွေအထိ လူတန်းစားမျိုးစုံအား သင်စကားစမည် ပြောကြည့်ပါက လူတိုင်းနီးပါး၌ပင် ဝေမျှစရာ သရဲဇာတ်လမ်းတစ်ပုဒ်တော့ ရှိနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့အိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ်လုပ်ငန်းစု propertyguru ၏ စင်္ကာပူအိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ်အဖွဲ့က အောက်တိုဘာ ၃၁ တွင် ကျရောက်မယ့် ၂၁၇ ခုနှစ် ဟောလိုးဝင်းပွဲတော်ကာလနီးကပ်လာစဉ် စင်္ကာပူမှာ သရဲအခြောက်ဆုံးနေရာတွေလို့ ယူဆရတဲ့ နေရာ ၅ ခုအား စာရင်းပြုစု၍ သွားရောက်လေ့လာဖော်ပြမှုအား အောက်ပါအတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
၁။ Amber Beacon မျှော်စင်
- ဒီရှုခင်းကြည့်မျှော်စင်မှာ ၁၉၉၀ ခုနှစ် မေလ တစ်ညတုန်းက အမျိုးသမီးငယ်တစ်ဦး
ရည်းစားနဲ့ လျှောက်လည်ရင်း လူနှစ်ယောက်ရဲ့ ဓားထိုးသတ်ခံခဲ့ရပါတယ်။ သူက ဓားဒဏ်ရာတွေနဲ့ပဲ မျှော်စင်ကနေ ပြေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျုးလွန်သူတွေကို မဖော်ထုတ်နိုင်သေးတာကြောင့် သူ့အမှုဟာ အခုထိ မဖြေရှင်းရသေးပါဘူး။ သူဟာ မတရားသေခဲ့ရပြီး တရားခံတွေကိုလည်း ဥပဒေအရ ပြန်လည်အရေးမယူနိုင်သေးတာကြောင့်
သူ့ဝိညာဉ်ကလည်း မကျေနပ်မှုတွေနှင့်အတူ ဒီမျှော်စင်မှာ မကျွတ်မလွတ်သေးဘဲ အမျိုးသမီးလို့ ယူဆရတဲ့ အရိပ်သဏ္ဌန်တစ်ခုကို တွေ့မြင်ကြရဖူးတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ကြပါတယ်။
၂။ ဂျာမနီနိုင်ငံသူ၏ နတ်နန်း
- ၁၉၁၀ ပြည့်လွန်နှစ်တွေတုန်းက စင်္ကာပူမှာ နေထိုင်ခဲ့ကြတဲ့
ဂျာမနီစိုက်ခင်းပိုင်ရှင်လင်မယားမှာ သမီးတစ်ဦး ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကြီး ပြီးတော့
ဗြိတိသျှစစ်တပ်က သူတို့မိသားစုကို ဖမ်းခဲ့ပေမဲ့ သမီးဖြစ်သူကတော့
လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်တွေတော်တော်ကြာပြီးနောက်မှာတော့ သူမရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို ရွာသားတွေက တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအမည်မသိ ဂျာမနီမိန်းကလေးရဲ့ ရုပ်ကြွင်းတွေကို နိုင်ငံ့အနောက်ဘက်ခြမ်းမှာ ၁၉၇၀ ပြည့်လွန်ကာလက နတ်နန်းလေး ပြုလုပ်လို့ သိမ်းဆည်းထားခဲ့ကြပါတယ်။ အခုတော့ သူ့ကို လေဒီဒါးတက်လို့ အချို့က ခေါ်ကြပါတယ်။ နတ်နန်းထဲမှာ သူ့ကိုကိုယ်စားပြုတဲ့အနေနဲ့ ဘာဘီအရုပ်မလေးတစ်ရုပ်လည်း ရှိပါတယ်။ ဒေသခံတွေက ကလေးတွေကို ဒီနတ်နန်းနဲ့ ခြိမ်းခြောက်လေ့ရှိကြပြီး လောင်းကစားသမားတွေကတော့ သူမကို ပူဇော်ပသရင် သူတို့အတွက် ကံကောင်းစေတယ်လို့ အယူရှိကြပါတယ်။
၃။ ချန်ဂီဆေးရုံဟောင်း
- ဒီအသုံးမပြုတော့တဲ့ ဆေးရုံကို စင်္ကာပူမှာ သရဲအခြောက်ဆုံးနေရာထဲက တစ်ခုလို့ ယူဆကြပါတယ်။ ဗြိတိသျှစစ်သားတွေကို ကုသပေးဖို့အတွက် ၁၉၃၀ ပြည့်လွန်ကာလက တည်ဆောက်ခဲ့တဲ့ ဒီဆေးရုံကို နောက်ပိုင်းမှာ ဂျပန်စစ်တပ်က စစ်အကျဉ်းသား ၅ သောင်းကျော်ကို ထားရှိရာအဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့ဒီမှာ စစ်အကျဉ်းသားအများစုဟာ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရပါတယ်။ အဲ့ဒီအဆောက်အအုံကို ၁၉၉၇ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပြီး အခုတော့ သရဲဖမ်းသူတွေ မ၀င်ရောက်နိုင်အောင်
လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
၎။ Pasir Ris မျှော်စင်
- လမုတောတစ်ခုထဲမှာ တည်ရှိပြီး အထပ်သုံးထပ်ရှိတဲ့ ဒီငှက်ကြည့်စင်ကို
သေကြောင်းကြံတဲ့မျှော်စင်လို့လည်း ခေါ်ကြပါတယ်။ ဟိုးတုန်းက ကောင်လေးတစ်ယောက်
သရဲလိုလိုသဏ္ဌာန်တစ်ခုကို မြင်ပြီးတဲ့နောက် မျှော်စင်ပေါ်ကနေ ခုန်ချခဲ့လို့ ဒီနာမည်
ပေါ်ပေါက်ခဲ့တာပါ။ူဟာ အဲ့ဒီမျှော်စင်မှာရှိစဉ်တုန်းက တစ်စုံတစ်ခုရဲ့ တွန်းချတာကို
ခံခဲ့ရတယ်လို့ ခုန်ချသတ်မသေခင်မှာ သူ့သူငယ်ချင်းတွေကို ပြောခဲ့ပါတယ်။
အဲ့ဒီမျှော်စင်မှာ pontianak (မလေးရှားဒဏ္ဌာရီလာ အမျိုးသမီးသွေးစုပ်ဖုတ်ကောင်) ကို
တွေ့မြင်လိုက်ကြရဖူးတယ်လို့လည်း ပြောစမှတ်တွေ ရှိပါတယ်။
၅။ Pulau Tekong ကျွန်း
- တပ်သားသစ်စုဆောင်းလေ့ကျင့်ရေးစခန်းတစ်ခုအဖြစ် အသုံးပြုတဲ့ ဒီဘေးစွယ်ကျွန်းနဲ့ ပတ်သက်လို့ အကျော်ကြားဆုံးယုံတမ်းစကားကတော့ စစ်ချီတက်မှုတစ်ခုအတွင်း ပျောက်သွားပြီး ပြန်လည်းတွေ့ရော အစာအိမ်နဲ့ အူကလီစာတွေ မရှိတော့ဘဲ ပြန်တွေ့ခဲ့ကြရတဲ့ တပ်သားသစ်တစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ pontianak ကို မကြာမကြာ တွေ့မြင်ကြရတယ်လို့လည်း လူပြောအရမ်းများပါတယ်။ တပ်သားအချို့ သရဲခြောက်ခံရပြီး အပြင်းဖျားကြတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com