စက်တင်ဘာလလအတွင်းမှာတော့ အိမ် ခြံ မြေ ဈေးကွက်ဟာ ယခင်လများနည်းတူ အငှားဈေးကွက်သာ အားကောင်းနေခဲ့ပါတယ်။ပြည်တွင်း အိမ် ခြံ မြေ အကျိုးဆောင်တွေရဲ့ သုံးသပ်ပြောကြားချက်အရ အငှားဈေးကွက်ဟာ အရင်လတွေအတိုင်း ဦးဆောင်နေဆဲပါပဲ။ဦးဆောင်နေတယ်ဆိုပေမယ့်လည်း အငှားဈေးကွက်ဟာ အားကောင်းမောင်းသန်ဖြစ်ထွန်းနေခဲ့တာ မဟုတ်ပါဘူး။ ယခုလရဲ့ တစ်လတာ ဈေးကွက်အနေအထားတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒဂုံလေးမြို့နယ်
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အခြေအနေကတော့ ပုံမှန်အနေအထားနဲ့ပဲ ရှေ့ဆက်နေပါတယ်။အရင်လက အရောင်းအ၀ယ်ပိုင်းမှာ အနည်းငယ်သွက်လက်နေခဲ့တဲ့ မြောက်ဒဂုံမြို့နယ်ဟာလည်း ပြန်ငြိမ်စပြုလာတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။ အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ ဝန်းကျင်အထိ အမေးရှိနေပြီး အငှားပိုင်းမှာတော့ ၀ါကျွတ်ကာလကိုမျှော်နေကြကြောင်းသိရပါတယ်။
မြို့တွင်းမြို့နယ်များ
ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့ဆိုရမှာပါ။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ မရှိသလောက်အားနည်းနေခဲ့ပါတယ်။အငှားပိုင်းဈေးကွက်မှာတော့ စီးပွားရေးလုပ်ကိုင်ဖို့အတွက်ငှားရမ်းကြတာတွေက အများဆုံးဖြစ်နေပါတယ်။
တောင်ဥက္ကလာမြို့နယ်
တောင်ဥက္ကလာမြို့နယ်ထဲမှာတော့ အိမ် ၊ မြေ အရောင်း အငှားတွေအတော်အသင့်ကောင်းမွန်ခဲ့တယ်လို့သိရပါတယ်။အရောင်း အဝယ်ပိုင်းမှာ သိန်းထောင်ချီမြေကွက်တွေ၊ လမ်းမတန်း နဲ့ ထောင့်ကွက်တွေ အတော်အတန် အမေးများခဲ့သလို အလုပ်ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုပေမယ့် ဈေးနှုန်းကို လျှော့ချရောင်းခဲ့တဲ့ အကွက်တွေပဲဖြစ်ခဲ့တာလို့လည်း တောင်ဥက္ကလာ အခြေစိုက် အကျိုးဆောင်များက ပြောပြပါတယ်။
ရန်ကင်း၊ဗဟန်း
ဒီ မြို့နယ်တွေကတော့ မြေနေရာ အတော်များများကျန်ရှိနေသေးတာကြောင့် အရောင်းအဝယ်ဖြစ်မှုရှိနေပါတယ်။အငှား အားကောင်းသလို အရောင်းအဝယ်ပိုင်းမှာလည်း အတန်အသင့်ကောင်းမွန်ကြတယ်လို့ သိရပါတယ်။ဝယ်ယူလိုသူအများစုကတော့ မြေနေရာကျယ်ဝန်းတဲ့ လုံးချင်းပုံစံတွေကို အဓိကထားစတိဝင်တစားမေးမြန်းကြတယ်လို့သိရပါတယ်
စက်မှုဇုန်
စက်မှုဇုန်မြေနေရာ ပိုင်ဆိုင်ထားသူတွေကတော့ ဈေးနှုန်းသတ်မှတ်ချက်ကို သိန်းထောင် ဂဏန်းကနေ သောင်း ဂဏန်းလောက်အထိ ခေါ်ဆိုနေကြပါတယ်။ ဒီလိုခေါ်ဆိုတယ်ဆိုတာကလည်း ဇုန်မြေနေရာတွေထပ်မံတိုးချဲ့မယ်ဆိုတဲ့အသံတွေမကြားရတာကြောင့်ပါတယ်လို့ မဏ္ဍိုင် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းက သီးသန်းဦးမှ ပြောပါတယ်။လက်ရှိအချိန်ကာလမှာတော့ အရောင်း အဝယ် အငှား အေးစက်နေဆဲဖြစ်ပေမယ့် ပိုင်ရှင်တွေရဲ့ ရောင်းလိုတဲ့ဈေးနှုန်းကတော့ အမြင့်ဈေးတွေနဲ့ ရှေ့ဆက်နေတယ်လို့ သိရပါတယ်။
စီမံကိန်း ဧရိယာ
လုံးဝ နီးပါးအေးစက်သွားတဲ့ နေရာတွေဖြစ်လာပါတယ်။ ၀ယ်လိုသူ ရောင်းလိုသူတွေမရှိပေမယ့် လက်ရှိပေါက်ဈေးနှုန်းတွေမှာ ကျဆင်းသွားမှု လုံးဝမရှိသေးတဲ့ နေရာတွေအဖြစ် ရှိနေဆဲဖြစ်ပြီး ရင်းနှီးမြုပ်နှံလိုသူတွေ စိတ်ဝင်စားမှု သိသိသာသာ လျော့နည်းသွားတယ်လို့သိရှိရပါတယ်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com