တရုတ်ပြည်အလယ်ပိုင်း၊ ဟီနန်ပြည်နယ်၏ မြို့တော် ကျန်းဟောင်သည် စီးပွားရေး၊ နည်းပညာနှင့် ပညာရေးဆိုင်ရာ ပြည်နယ်အချက်အခြာဖြစ်သည့်အပြင် တရုတ်ပြည်အလယ်ပိုင်း၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသော ဗဟိုချက်နေရာလည်း ဖြစ်သည်။
မြစ်ဝါမြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိပြီး တရုတ်ပြည်၏ ရှေးဟောင်းမြို့တော်ဟောင်း ၈ ခုအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။
အဆိုပါမြို့ကြီးတွင် ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ တရုတ်မြောက်ပိုင်းတက္ကသိုလ်တည်ရှိပြီး အတိုကောက်အားဖြင့် NCWU ဟု ခေါ်ဆိုသည်။
အဆိုပါတက္ကသိုလ်သည် သင်ကြားရေးနှင့် သုတေသနတက္ကသိုလ်ဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် အဆိုပါတက္ကသိုလ်ကို အသစ်ပြန်လည်ဆောက်လုပ်ကာ မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။
တက္ကသိုလ်တွင် ဘွဲ့လွန်၊ ဘွဲ့ကြိုနှင့် ၃ နှစ်သင်တန်းသား ကျောင်းသား၊ ကျောင်းသူအမြဲတမ်း ၁၂၀၀၀ ဝန်းကျင်ခန့် အချိန်ပြည့်တက်ရောက်လျက်ရှိကြသည်။
ယခုဆောက်လုပ်ပြီးစီးသွားသော အဆောက်အအုံကြီးမှာ ၁၂ ထပ်ဖြစ်၏။
တရုတ်ပြည်တွင်းမှ အင်တာနက်အသုံးပြုသူများကမူ တက္ကသိုလ်အဆောက်အအုံပုံစံမှာ ရှေ့ဘက်အဆောက်အအုံမှာ ဗိုလ်ထိုင်အိမ်သာမှ အိမ်သာခွက်နှင့် တူပြီး နောက်ဘက်အဆောက်အအုံမှာ ရေဆွဲ ကြွေခွက်တို့နှင့် ပုံစံတူနေသည်ဟု လှောင်ပြောင်လျက်ရှိကြသည်။ထို့အပြင် ရှေ့ဘက်အဆောက်အအုံအမိုးမှာ အိမ်သာခွက်အဖုံးနှင့်ပင် တစ်ပုံစံတည်းဖြစ်နေသည်ဟု လှောင်ပြောင်ကြသည်။
ယင်းအဆောက်အအုံကြီးကို ယွမ်ငွေ ၈၆ သန်း (ကန်ဒေါ်လာ ၁၃ သန်း) အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်းက ဖွင့်လှစ်ခဲ့သည်။
အင်တာနက်အသုံးပြုသူတို့ လှောင်ပြောင်လျက်ရှိကြသည်မှာ
“ပုံစံကြီးက ထူးဆန်းပြီး ရုပ်ဆိုးလိုက်တာ”
“ဒီအဆောက်အအုံမှာ တီထွင်ဆန်းသစ်မှုနဲ့ အလှကို ရှာလို့မတွေ့ပါဘူး”
“Lol ..အိမ်သာဂေါ်ဇီလာကြီး”
“အိန္ဒိယနယ်စပ်မှာ သွားထားလိုက်ရင် အိန္ဒိယစစ်သားတွေ ပြေးသွားလိမ့်မယ်” ဟု လှောင်ပြောင် ဝေဖန်လျက်ရှိကြသည်။
ဝေဖန်သူတို့အကြား စကားလုံးသစ်တစ်ခုပင် ပေါ်ပေါက်လျက်ရှိရာ Univershitty ဟု ဖြစ်သည်။
အချို့ကလည်း အကောင်းဘက်မှ ရှုမြင်ပေးကြပြီး “ကျောင်းသားကောင်းတွေသာ မွေးထုတ်ပေးနိုင်မယ်ဆိုရင် ဘယ်လိုပုံစံဖြစ်ဖြစ် အရေးမကြီးပါဘူး” ဟု ဝေဖန်ရေးသားကြသည်ကို တွေ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)