Def Leppard သည် အင်္ဂလိပ် ရော့ခ်တီးဝိုင်းကြီးတစ်ခုဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ရှက်ဖီးမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဗြိတိသျှ ဟဲဗီးမက်တယ်လှုပ်ရှားမှုလှိုင်းတွင် ပါဝင်လာသည်။
Def Leppard ကို ဂျိုး အဲလိယက် (ရှေ့ထွက်အဆိုတော်) ၊ ရစ်ခ် ဆဲ့ဗေ့ဂ်ျ (ဘေ့စ်ဂစ်တာနှင့် နောက်ခံအဆို) ၊ ရစ်ခ် အယ်လန် (ဒရမ်နှင့် နောက်ခံအဆို) ၊ ဖီးလ်ကောလင်း (ဂစ်တာနှင့် နောက်ခံအဆို) ၊ ဗီဗီယန် ကမ့်ဘဲလ် (ဂစ်တာနှင့် နောက်ခံအဆို) တို့ဖြင့် ဖွဲ့စည်းထားသည်။
၎င်းတို့၏ စတုတ္ထမြောက်အယ်လ်ဘမ် Hysteria ကို ၁၉၈၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ချပ်ရေ ၁၂ သန်းကျော် ရောင်းချခဲ့ရကာ ကမ္ဘာတစ်ဝန်းတွင် ၂၅ သန်းကျော် ရောင်းချခဲ့ရပြီးဖြစ်သည်။
ကမ္ဘာပေါ်တွင် အရောင်းရဆုံးဂီတအနုပညာရှင်များစာရင်းတွင် ပါဝင်ပြီး Def Leppard ၏ တေးအယ်လ်ဘမ်ချပ်ရေ စုစုပေါင်း သန်း ၁၀၀ ကျော် ကမ္ဘာတစ်ဝန်းတွင် ရောင်းချထားရပြီးဖြစ်သည်။
ဒရမ်မာ ရစ်ခ် အယ်လန်သည် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် မွေးဖွားသည်။အသက် ၉ နှစ်သားအရွယ်မှ စတင်ကာ ဒရမ်တီးခတ်ခဲ့ခြင်းဖြစ်ပြီး ကလေးဘဝကပင် Grad, Smokey Blue, Rampant နှင့် the Johnny Kalendar Band များတွင် ပါဝင်တီးခတ်ခဲ့သည်။
၁၄ နှစ်သားအရွယ်တွင် Def Leppard တီးဝိုင်းကြီးမှ ဒရမ်သမားခေါ်ယူသည့် ကြော်ငြာကို မိခင်ဖြစ်သူက တွေ့ရှိပြီး လျှောက်ထားပေးခဲ့သည်။
ယင်းနောက် ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် Def Leppard ၏ ဒရမ်မာအဖြစ် ပါဝင်လာခဲ့သည်။
ထူးခြားသည်မှာ အဆိုပါနေ့မှာ သူ၏ ၁၅ နှစ်ပြည့်မွေးနေ့လည်း ဖြစ်၏။
၁၉၈၅ ခုနှစ်တွင် ဝဲဘက်လက် ဖြတ်တောက်ခဲ့ရသည့်တိုင် တေးဂီတဝိုင်းနှင့် ဆက်လက်တီးခတ်ဖျော်ဖြေနိုင်ရန် အပြင်းအထန် လေ့ကျင့်ခဲ့ရသည်။
နှစ်နှစ်ခန့် အပြင်းအထန် လေ့ကျင့်ခဲ့ရပြီးနောက် အထူးပြုလုပ်ထားသည့် drum kit ဖြင့် ပြန်လည်တီးခတ်ဖျော်ဖြေနိုင်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်တွင် ကာလာဘာဆက်စ်အမည်ရှိ မြို့ကလေးတစ်ခုတည်ရှိပြီး အဆိုပါမြို့ကလေးတွင် ရစ်ခ်အယ်လန်ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်တစ်လုံးရှိသည်။
ရစ်ခ်အယ်လန်က သူ၏အဆိုပါနေအိမ်ကို ပြီးခဲ့သော ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၈၈ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။
အမိုးခုံးမျက်နှာကြက်များ၊ ကျောက်တုံး မီးလင်းဖိုများ ပါဝင်ပြီး နေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၁၆၆ ခန့်ရှိသည်။
ပတ်ဝန်းကျင်တစ်ခွင်တွင် တောင်ကုန်းများ ဝန်းပတ်နေပြီး ခြံဝန်းအတွင်းတွင်လည်း သစ်ကြီးဝါးကြီးများ အုပ်ဆိုင်းမှိုင်းညှို့နေသည်။
ခြံဝန်းအတွင်း ကျောက်တုံးဥယျာဉ်၊ ရေကူးကန်တို့ ပါဝင်ပြီး ခြံဝန်းအကျယ်မှာ ဧကဝက်ခန့် ရှိသည်။
အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါပြီး master bedroom တွင် လသာဆောင်တစ်ခုပါသည်။
ရစ်ခ် အယ်လန်သည် အဆိုပါနေအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)