ယခုနှစ် ၂၀၁၇ ပထမကိုးလတာအတွင်း စင်္ကာပူပုဂ္ဂလိကနေအိမ်များအား
နိုင်ငံခြားသား ၀ယ်ယူမှုသည် ယမန်နှစ် ပထမကိုးလတာထက် ၂၀ ရာခိုင်နှုန်း
မြင့်တက်ခဲ့ပြီး ယင်းနိုင်ငံခြားသားဝယ်လိုအား ဆက်လက်ကောင်းနေကြောင်း
စင်္ကာပူအခြေစိုက် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဘဏ် UOB Kay Hian က ထုတ်ပြန်ခဲ့သည်။
စင်္ကာပူနိုင်ငံတွင် အိမ်များအား နိုင်ငံခြားဝယ်ယူမှုများသည်
ထပ်ဆောင်းနေအိမ်ဝယ်ယူမှုတံဆိပ်ခေါင်းခွန် ABSD အား နေအိမ်တန်ဖိုး၏ ၁၅
ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်သည့် ၂၀၁၃ ခုနှစ်
ဇန်န၀ါရီနောက်ပိုင်းကတည်းက သိသိသာသာ ကျဆင်းခဲ့သည်။
"အခုလိုနိုင်ငံခြားဝယ်ယူမှုပြန်လည်မြင့်တက်လာတာဟာ အထူးသဖြင့်
အလယ်အလတ်နဲ့ အဆင့်မြင့်နေအိမ်ဈေးကွက်တွေအတွက် အကျိုးရှိစေမှာပါ" ဟု
UOB Kay Hian ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း ယင်းကိုးလတာအတွင်း ၎င်းနိုင်ငံခြားသားဝယ်ယူမှုသည်
ပုဂ္ဂလိကနေအိမ်ရောင်းအား၏ ၂၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၀၇
ခုနှစ်ပထမကိုးလတာကမူ ၃၀ ရာခိုင်နှုန်း ရှိခဲ့သည်။
နိုင်ငံခြားသားဝယ်ယူမှုများသည် အဆင့်မြင့်နေအိမ်ရောင်းချရမှု၏ ၂၉
ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်ပထမကိုးလတာကမူ ၄၁ ရာခိုင်နှုန်း
ရှိခဲ့သည်။
ကမ္ဘာ့နိုင်ငံနှင့် ဒေသကြီးများတွင် နိုင်ငံခြားအိမ်ခြံမြေ၀ယ်လက်များအား
ကန့်သတ်မှုအဖြစ် တံဆိပ်ခေါင်းခွန်များကို တိုးမြှင့်သတ်မှတ်လေ့ရှိကြသည်။
ဟောင်ကောင်တွင် စင်္ကာပူ၏ ၁၅ ရာခိုင်နှုန်းကို ကျော်လွန်၍ ၃၀ ရာခိုင်နှုန်းသို့
၂၀၁၆ ခုနှစ် နိုင်ဝင်ဘာတွင် စတင်တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com