ကလေးဘဝတွင် မိမိတို့၏ အိမ်မွေးခွေးကလေး၊ ကြောင်ကလေးများ၊ မိခင်ဖခင်တို့နှင့် အတူ ကစားနည်းများစွာ ဆော့ကစားလေ့ရှိခဲ့ကြသည်။
ကစားနည်းများစွာတွင် အဓိကနေရာမှ ပါဝင်သည်မှာ အိမ်ဖြစ်၏။
သစ်ခက်များ၊ သဲများဖြင့် နေအိမ်ကလေးများ ဆောက်ခဲ့ကြသည်။
သို့ရာတွင် ကြီးပြင်းလာချိန်တွင်ကား ဘဝသည် ထင်သလောက်မလွယ်ကူတော့။
အရွယ်ရောက်လာသည်နှင့် နေအိမ်တစ်လုံးဝယ်ယူနိုင်ရေးမှာ အဓိက ဘဝပန်းတိုင်တစ်ခု ဖြစ်လာသည်။
ယနေ့ခေတ်ကာလသည် မိမိတို့၏ မိဘများခေတ်ကထက် လူဦးရေ ပိုမိုများပြားလာသည့်အပြင် စီးပွားရေးမှာလည်း ပိုမိုကျပ်တည်းလာသည့်အတွက် နေအိမ်တစ်လုံး ဝယ်ယူနိုင်ရန်မှာ အလွန်ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်လာသည်။
သို့ရာတွင် သင်သာ လာရောက်နေထိုင်မည်ဆိုပါက နေအိမ်တစ်လုံး အခမဲ့ပေးမည့် နိုင်ငံများ ရှိနေသည်။
(အီတလီ) Italy
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ ဂန်ဂျီမြို့ကလေးကို သင်ကြားဖူးမည်မဟုတ်ချေ။
အီတလီနိုင်ငံ ပါလာမိုပြည်နယ်တွင် တည်ရှိပြီး ပါလာမိုမြို့၏ အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာတွင် တည်ရှိသည်။
အဆိုပါမြို့ကလေးတွင် မာဖီးယားဂိုဏ်းသားတို့ကို အပြင်းအထန် ဖမ်းဆီးနှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း နေအိမ်ပေါင်းများစွာမှာ လူသူကင်းမဲ့လျက်ရှိ၏။
မြို့လူဦးရေမှာ ၇၀၀၀ ခန့်အထိ ကျဆင်းသွားပြီး များစွာသောလူနေအိမ်တို့တွင် လူသူမတွေ့ရတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့အတွက် ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့က လူသူကင်းမဲ့လျက်ရှိသောနေအိမ်များကို နေထိုင်လိုသူတို့အား အခမဲ့ပေးလျက်ရှိလေသည်။
နေထိုင်မည့်သူသည် ငါးနှစ်တာကာလအတွင်း အနည်းဆုံး ယူရို ၃၅၀၀၀ ခန့် သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်သွားရမည်ဟုသည့် စည်းမျဉ်းသတ်မှတ်ထားသည်။
ယင်းသို့ နေအိမ်များ အခမဲ့ပေးရခြင်း၏ အကြောင်းရင်းမှာ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သည့် လုပ်ငန်းများ အားကောင်းလာစေကာ ဒေသတွင်းစီးပွားရေး ခိုင်မာလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
(အမေရိကန်ပြည်ထောင်စု) United State of America
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဂယ်ရီမြို့နှင့် ဒက်ထရွိုက်မြို့များတွင်လည်း အဆိုပါအခွင့်အရေး ရရှိနိုင်သည်။
နေထိုင်မည့်သူများသည် နေအိမ်များကို ပြန်လည်မွမ်းမံနိုင်သူ ဖြစ်ရမည့်အပြင် စီးပွားရေးလုပ်ကိုင်နိုင်မှု ၊ ငွေသုံးနိုင်မှုတို့အပေါ် မူတည်ကာ နေအိမ်များ ချထားပေးမည်ဟု ဆိုသည်။
(တောင်အာဖရိက) South Africa
တောင်အာဖရိက နိုင်ငံသည်မူ အီတလီ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် တမူကွဲပြားသည်။
တောင်အာဖရိကတွင် နေအိမ်အခမဲ့ပေးအပ်သည်မှာ ဆင်းရဲသည့်နိုင်ငံသားများအား ဖြစ်၏။
လူနေမှုအဆင့်နိမ့်ပါးသည့် ဆင်းရဲသားအဖြစ် သတ်မှတ်ခံရပါက တောင်အာဖရိကတွင် နေအိမ်အခမဲ့ရရှိမည် ဖြစ်သည်။
(ဖစ်ကန်ကျွန်း) Pitcairn island
ယခုနေရာသည်ကား သင့်ဇာတိမြေသို့ ပြန်လည်ရောက်ရှိရန် မလွယ်ကူလှသော နေရာဖြစ်၏။
တောင်ပစိဖိတ်သမုဒ္ဒရာအလယ်တွင် တည်ရှိကာ အနီးဆုံးရှိ ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့နှင့်ပင် မိုင်ပေါင်း ၃၀၀၀ ကျော် (၃၄၉၇ မိုင်) ကွာဝေးသည်။
မြန်မာပြည်မြောက်ပိုင်း မြစ်ကြီးနားမှ တောင်ဘက်စွန်း ကော့သောင်းအထိ အကွာအဝေးမှာ ၁၀၆၆ မိုင်ဖြစ်ရာ ကော့သောင်း-မြစ်ကြီးနား ခရီးသုံးပြန်အကွာအဝေးထက်ပင် ပိုမိုဝေးကွာသည်။
ထို့အပြင် ရန်ကုန်နှင့် စင်္ကာပူ အသွားအပြန်ခရီးထက်ပင် ပိုမိုဝေးကွာသည်။
အဆိုပါကျွန်းပေါ်တွင် နေထိုင်သည့်လူဦးရေမှာ တစ်နေ့တစ်ခြား အလွန်နည်းပါးလာလျက်ရှိပြီး ယနေ့အချိန်တွင် လူဦးရေ ၅၀ သာရှိသည်။
ယင်းကျွန်းပေါ်တွင်လည်း နေထိုင်မည့်သူတို့ကို မြေနေရာများ အခမဲ့ပေးလျက်ရှိလေသည်။
သင်လုပ်ဆောင်ရန်မှာ မြေနေရာတောင်းဆိုရန်သာ လိုအပ်လေသည်။
(ကိုလံဘီယာနိုင်ငံ) Columbia
တောင်အမေရိကတိုက်ရှိ ကိုလံဘီယာနိုင်ငံမှာ တောင်အာဖရိကနှင့် များစွာတူညီသည်။
တောင်အာဖရိကနည်းတူ ကိုလံဘီယာတွင်လည်း ဆင်းရဲနိမ့်ပါးသူများကို နေအိမ်များ အခမဲ့ပေးအပ်လေ့ရှိ၏။
တိုင်းပြည်မှာ ဆင်းရဲသည့်နိုင်ငံအဆင့်တွင်သာ ရှိနေသေးသော်လည်း မကြာသေးမီနှစ်များအတွင်းတွင်မူ ကမ္ဘာလှည့်ခရီးသည်တို့ ဝင်ရောက်မှုများပြားကာ စီးပွားရေးအခြေအနေများ များစွာတိုးတက်လာနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)