ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၂ ခုနှင့် ကိုကိုးကျွန်းတို့တွင် စက်မှုဇုန်များနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး အပြည့်အဝ ရရှိရန်၊ လမ်းပန်း ဆက်သွယ်ရေး၊ ရေဆိုးစနစ်များနှင့် အမှိုက်စွန့်ပစ်မှုများတွင် လိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆိုသည်။
“ရန်ကုန်စည်ပင် နယ်နိမိတ် ပြင်ပမှာရှိတဲ့ ၁၂ မြို့နယ်တွေမှာ စက်မှုဇုန် အသေးစားတွေ ထူထောင်ဖို့ ပြင်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့ကိုပဲ လူတွေ ပြုံတိုးဝင်လာနေတဲ့ အခြေအနေကနေ ရန်ကုန်မြို့ရဲ့ ပြင်ပမှာပါ စက်မှုလုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
ထို့အပြင် ကိုကိုးကျွန်း၏ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းလာစေရန်အတွက် အဆင့်မြှင့်သွားမည်ဖြစ်ပြီး ရေထွက်ကုန်များဖြစ်သော ငါးနှင့် ပုစွန် မွေးမြူရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန် ၂၉ ခုနှင့် သီလဝါ အထူးစီးပွားရေးဇုန် တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး လျှပ်စစ်မီး အပြည့်အဝ ရရှိမှု အပါအဝင် အခြေခံ အဆောက်အဦ အားနည်းချက်ကြောင့် စက်မှုဇုန် ၂၀ ကျော်ခန့်သာ လုပ်ငန်းလည်ပတ်လျက်ရှိကာ လှိုင်သာယာမြို့နယ်သည် စက်မှုဇုန် အများဆုံး ထူထောင်ထားသည့် မြို့နယ်ဖြစ်သည်။
Credit: The Voice