လက်ရှိအိမ်ခြံမြေဈေးကွက် အဝယ်ပါးနေတာဟာ ဥပဒေထွက်ရှိဖို့ စောင့်ဆိုင်းနေတာတွေ ၊ ဝယ်ယူသူတွေအနေနဲ့ ဈေးထပ်ကျမလားဆိုပြီး စောင့်ကြည့်နေတာတွေကြောင့်လည်း သက်ဆိုင်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် အချို့က ဆိုပါတယ်။
တိုက်ခန်းတွေ ဘာဖြစ်လို့ မရောင်းရတာလဲဆိုတော့ လူတွေက နောက်ထပ်ဈေးကျဦးမလား စောင့်ကြည့်ကြတာပါ။ ပြည်သူတွေရဲ့ ယုံကြည့်မှုရပြီး ဈေးကွက်ပြန်လည်ဦးမော့ဖို့ ဥပဒေတွေနည်းဥပဒေတွေ အမ်ြန်ဆုံးပြဠာန်းပေးမယ် ။ အိမ်ရာဝယ်ယူသူတွေအတွက် နှစ်ရှည်ဘဏ်ချေးငွေရသလောက် လုပ်ပေးမယ်၊ အိမ်ခြံမြေဝယ်ခွန်နှုန်းထားတွေကို မျှတအောင် လုပ်ပေးမယ်ဆိုရင် အိမ်ခြံမြေဈေးကွက်မှာ အိပ်နေတဲ့ ငွေတွေ ပြန်ဝင်လာမှာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ငွေတွေဝေါခနဲ စီးဝင်စီးထွက်တဲ့ ပုံပျက်ပန်းပျက်စီးပွားရေးစနစ်အစား ဥပဒေနည်းဥပဒေတွေနဲ့ အညီ ပုံမှန်ဝယ်နိုင်ရောင်းနိုင်တဲ့ စီးပွားရေအသွင်သဏ္ဍန်သစ်တစ်ခုဆီကို ကူးပြောင်းပြီး အရောင်းအဝယ်တွေ ပြန်လည်သွက်လက်လာမှာဖြစ်ပါတယ်။ ဒါတွေကို မပြင်နိုင်ဘူးဆိုရင်တော့ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေ သာမက အိမ်ဝယ်ချင်တဲ့လူတွေပါ အခက်အခဲတွေဆက်ကြုံဦးမှာ ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့က ဆိုတယ်။
ကွန်ဒိုနည်းဥပဒေထွက်ရင် အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ပိုခိုင်လာမယ်။ ပြည်သူတွေဆီက ယုံကြည်မှုတွေရလာတာနဲ့အမျှ အရောင်းအဝယ် ပြန်သွက်လာမယ်။
အရောင်းအဝယ်သဏ္ဍန် အနေနဲ့လည်း အသွင်သဏ္ဍန် ပြောင်းလဲလာနိုင်တယ်လို့ iMyanmar House က သိရပါတယ် ။ ပြည်သူတွေ အိမ်ခြံမြေဝယ်ယူဖို့ တွန့်ဆိုင်းနေတဲ့ အကျိုးဆက်က ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလောကကို ကျဆင်းစေပါတယ်။
ဆောက်လုပ်ရေးအခက်အခဲ
လက်ရှိဆောက်လုပ်ရေး လုပ်ငန်းကျဆင်းနေတာကြာပြီလို့ ဆိုတယ်။ အိမ်ခြံမြေလောကမှာ အဝယ်ပျောက်နေတဲ့အတွက် ဆုံးရှုံးသူတွေ ၊ ဘဝပျက်တဲ့သူတွေ ၊ ဆောက်လက်စ တန်းလန်းနဲ့ ဆက်ဆောက်ရမလို ရပ်ထားရမလိုလိုနဲ့ ဖြစ်နေသူတွေရှိပါတယ်။
ရပ်ထားတဲ့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း ရင်းနှီးမြှုပ်နှံထားတဲ့ ဘဏ်တွေက အတိုးတွေကတက်နေပြီး အရောင်းအဝယ်မကောင်းတဲ့ အချိန်မှာ အတိုးပေးဖို့တောင် အခက်အခဲတွေရှိနေကြောင်း သိရပါတယ်။
‘ အရောင်းအဝယ်မဖြစ်သေးလို့ ဘဏ်တိုးခဏဆိုင်းထားလို့သွားပြောလို့မရပါဘူး၊ ဘဏ်တိုးက ပုံမှန်တက်နေတာ ။ မြန်မာအိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလောကဟာ အတက်အကျပေါင်းများစွာနဲ့ ခေတ်အဆက်ဆက်မှာ ထွန်းတောက်လာလိုက်မှိန်သွားလိုက်နဲ့ ပေါ်တစ်လှည့် မြှုပ်တစ်လှည့် ဖြစ်ခဲ့ပါတယ်။
အခုကာလမှာ ၂၀၁၃ ၊ ၂၀၁၄ အတွင်း ဆောက်ခဲ့တဲ့ အဆောင်အအုံတွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ သည်အဆောက်အအုံတွေက သည်နေ့ထက်တိုင် အပြီးသတ်ဖို့ လုံးပန်းနေကြရပါတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
ရန်ကုန်မှာ အိမ်ပိုင်က ၂၀ ရာခိုင်နှုန်းပဲရှိပြီး ၈၀ ရာခိုင်နှုန်းမှာ အငှါး၊ ကျူးကျော်နဲ့ အဆင်ပြေသလို နေထိုင်ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Modern