The Next Generation သရုပ်ဆောင် ဂျိုနသန်ဖရိတ်ခ်နှင့် ဇနီးဖြစ်သူ ဂျီနီဖရန့်စစ်တို့ ဇနီးမောင်နှံသည် လော့စ်အိန်ဂျလိမြို့၊ ဆန်ဖာနန်ဒို တောင်ကြား၊ Woodland Hills အရပ်တွင် နေအိမ်တစ်လုံး ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၁၉၈၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်းမှာ တစ်ဧက၏ သုံးပုံတစ်ပုံခန့်ရှိကာ ခြံဝန်းအတွင်းတွင် ရေကူးကန်တစ်ခု ပါဝင်သည်။
နေအိမ်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ကြမ်းခင်းဧရိယာ စတုရန်းပေ ၈၉၀၀ ခန့်ရှိသည်။ဧည့်ခန်းနှင့် ညစာစားခန်းများမှာ စံမှီအခန်းများဖြစ်ကြပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။Master bedroom ၏ ပြင်သစ်တံခါးများကို ဖွင့်ကာထွက်လိုက်လျှင် အိမ်နောက်ဘက် ရှုခင်းများကို စီးမိုးတွေ့မြင်နိုင်သည့် လသာဆောင်သို့ ရောက်ရှိမည် ဖြစ်သည်။
အဆိုပါနေအိမ်သည် အရောင်းဈေးကွက်သို့ ပြီးခဲ့သည့်ဇွန်လအတွင်းက စတင်ဝင်ရောက်ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၉၉ သန်းဖြစ်သည်။
ယင်းသို့ ဈေးကွက်တင်ပြီး နှစ်လအကြာတွင် ရောင်းထွက်သွားခြင်းဖြစ်ကာ အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၈ သန်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အရောင်းဈေးကွက်တင်သည်မှာ Keller Williams Realty
အိမ်ခြံမြေကုမ္ပဏီမှဖြစ်ပြီး ဝယ်လက်ကို ကိုယ်စားပြုသည်မှာ Rodeo Realty အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။
ဂျိုနသန်ဖရိတ်ခ်သည် ယခုအခါ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး “Star Trek” ဇာတ်ကားများတွင် တပ်မှူး ဝီလျံရီကာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်သည်။
မကြာသေးမီကလည်း “Guardians of the Galaxy” ဇာတ်ကားတွင် အသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။ဇနီးဖြစ်သူ ဖရန့်စစ်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး “General Hospital” အော်ပရာတွင် လော်ရာ စပန်ဆာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)