အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်၊ ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်သော ကာလာ ဆန်းစ်သည် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လော့စ်အိန်ဂျလိမြို့အနောက်ဘက်၊ ပစိဖိတ်ကမ်းရိုးတန်းအဝေးပြေးလမ်းမကြီးနှင့် မျဉ်းပြိုင်တည်ရှိသော Broad Beach လမ်းပေါ်တွင် တည်ရှိသည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၇၄၄၂ ရှိသည်။နှစ်ထပ်အိမ်ဖြစ်ပြီး အိပ်ခန်း ၅ ခန်း၊ ကား ၃ စင်းဆန့် ဂိုဒေါင်တစ်လုံးနှင့် Crestron smart-home system တစ်ခု တပ်ဆင်ထားသည်။Crestron smart-home system မှာ နေအိမ်တွင်းရှိ မီးများ၊ တေးဂီတ၊ ရုပ်မြင်သံကြား၊ အသံစနစ်နှင့် လုံခြုံရေးစနစ်များကို အလိုရှိသည့်အတိုင်း ထိန်းချုပ်နိုင်သည့် စနစ်တစ်မျိုး ဖြစ်သည်။
အရောင်းဈေးကွက်တင်သည့် ကုမ္ပဏီမှာ Coldwell Banker နှင့် Hilton & Hyland တို့ ဖြစ်ကြသည်။
ကာလာဆန်းစ်သည် ယင်းနေအိမ်ကို ကွယ်လွန်သွားပြီဖြစ်သည့် ခင်ပွန်းဖြစ်သူ ၊ အိမ်ခြံမြေလုပ်ငန်းရှင် ဖရက်ဒ် ဆန်းစ်နှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းပေးခဲ့ကြရကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ကာလာဆန်းစ်သည် ဒေါ်နယ်ထရမ့်၏ စီးပွားရေးအကြံပေးကောင်စီတွင် ၂၀၁၆ ခုနှစ်အတွင်း စတင်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမူ သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။
ကယ်လီဖိုးနီးယား ယဉ်ကျေးမှုနှင့် သမိုင်းရန်ပုံငွေအဖွဲ့တွင်လည်း ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။
နေအိမ်နောက်ဘက်ခြံဝန်းအတွင်း ရေတံခွန်တစ်ခုရှိပြီး ပေါ်တီကိုမှ ဖောက်လုပ်ထားသော ကျောက်တုံးလမ်းကလေးသည် အောက်ဘက်ကမ်းခြေအထိ ဦးတည်သွားသည်။
ဒုတိယထပ်ဆီသို့ တက်သည့်လှေကားကို စတီးနှင့် သလင်းကျောက်တို့ဖြင့် မွမ်းမံပြုလုပ်ထားသည်။
ဒုတိယထပ်တွင်မူ သစ်မာသားကြမ်းခင်းများ ခင်းထားပြီး ရုံးခန်းနှင့် အားကစားလေ့ကျင့်ရန်နေရာတို့ ပါဝင်သည်။
အပေါ်ထပ်မှန်တံခါးမှ ထွက်လိုက်လျှင် ကျယ်ပြောသော လသာဆောင်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ခင်ပွန်းဖြစ်သူ ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သွားသောအခါ ကာလာဆန်းစ်က Vintage Capital ၏ အမှုဆောင်အရာရှိချုပ်အဖြစ် အစားထိုး တာဝန်ယူခဲ့သည်။
ယခုရောင်းချမည့်နေအိမ်အတွက် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၇ ဒသမ ၉၉၅ သန်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)