အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိတ်ဆွေရင်း၊ အိမ်ခြံမြေလုပ်ငန်းရှင် တွမ်ဘားရက်ခ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာရှိ နေအိမ်ကို တစ်မြို့လုံးတွင် အမြင့်ဆုံးဈေး ကန်ဒေါ်လာ ၃၄ သန်းဖြင့် ရောင်းချလိုက်ကြောင်း လော့စ်အိန်ဂျလိ အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဆန်တာမိုနီတာမြို့ကလေးရှိ အရှေ့-အနောက်သွယ်တန်း နေသော ဆန်း ဗီဆန်တေး ဘိုလဗာ့ဒ်လမ်း (San Vicente Boulevard) ပေါ်တွင် တည်ရှိသည်။
တွမ်ဘားရက်ခ်၏ အမည်အပြည့်အစုံမှာ သောမတ်စ် ဂျေ-ဘားရက်ခ် ဂျူနီယာ ဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာဖြစ်သည့်အပြင် ကမ္ဘာတစ်ဝန်းတွင် ရုံးခွဲပေါင်း ၁၇ ခုဖြင့် လုပ်ငန်းလည်ပတ်နေသော Colony NorthStar ကုမ္ပဏီ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။
ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၃၅၀၀ ကျယ်ဝန်းပြီး ကန်ဒေါ်လာ ၃၄ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
နီယိုးကလပ်စစ်ကယ်-ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နေအိမ်အတွင်းတွင် အင်ဒိုးအားကစားကွင်း၊ ရုပ်ရှင်ရုံ၊ အိပ်ခန်း ၇ ခန်း၊ ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
နေအိမ်အောက်တွင် စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသည့် မြေအောက်ဂိုဒေါင်တစ်ခု တည်ရှိသည်။
၁ ဒသမ ၃၅ ဧက ကျယ်ဝန်းသော ခြံဝန်းအတွင်း ရေကူးကန်နှင့် အားကစားလေ့ကျင့်ရေးနေရာတို့ ပါဝင်သည်။
ဘားရက်ခ်သည် ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၁ သန်းဖြင့် ဝယ်ယူခဲ့သည်ဟု အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
လွန်ခဲ့သည့်နွေရာသီက အိမ်ခြံမြေဈေးကွက်သို့ ကန်ဒေါ်လာ ၄၆ ဒသမ ၅ သန်းဖြင့် ခေတ္တဝင်ရောက်လာခဲ့ဖူးသေးသည်။
တွမ်ဘားရက်ခ်သည် ဒေါ်နယ်ထရမ့်အတွက် တရားဝင်မဟုတ်သော အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ထမ်းဆောင်ပေးလျက်ရှိသည်။
အိမ်ဖြူတော်တွင် ရာထူးနေရာရယူကာ တရားဝင်တာဝန်ထမ်းဆောင်ရန် ဘားရက်ခ်က ငြင်းပယ်ပြီး ယခုကဲ့သို့ နောက်ကွယ်မှသာ အကြံပေးလျက်ရှိခြင်းဖြစ်သည်ဟု ဆိုသည်။
တွမ်ဘားရက်ခ်သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် ကာတာတော်ဝင်မိသားစုအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ခန့် တန်ကြေးရှိသည် စံအိမ်ကြီးတစ်လုံးဆောက်လုပ်ပေးလျက်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)