ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်တွင် အတိတ်၊ ပစ္စုပ္ပန်နှင့်
အနာဂတ်တို့ကို ကိုယ်စားပြုနိုင်မည့် အဆောက်အအုံတစ်လုံးကို ပြပါဆိုလျှင် အကောက်ခွန်ရုံးဟောင်း အဆောက်အအုံကြီးကို ပြသရမည်ပင်
ဖြစ်သည်။
အကောက်ခွန်အဆောက်အအုံဟောင်းကြီးသည် ၁၉ ရာစုအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖယားမြစ်ကမ်းဘေးတွင်
တည်ရှိသည်။ယင်းအဆောက်အအုံကြီးကို လစ်လျူရှုစွန့်ပစ်ထားခဲ့သည်မှာ ကျွန်တော်တို့ အများစု၏ ဘဝသက်တမ်းထက်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့ရာတွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲရန် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ရေးဆွဲခဲ့သော စီမံကိန်းမှာ ယခုအခါ အမှန်တကယ် အကောင်အထည်ပေါ်လာဖွယ် အလားအလာရှိနေသည်။
အဆောက်အအုံကို ပိုင်ဆိုင်သူမှာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှဖြစ်သည်။
လွန်ခဲ့သော ဇူလိုင်လအတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာတွင် အကောက်ခွန်အဆောက်အအုံဟောင်းကြီးကို ယခုဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ယခင်က အဆိုပါအဆောက်အအုံကြီးသို့ လာရောက်လည်ပတ်လေ့လာသူ များပြားခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးလေ့ရှိခဲ့ကြသည်။
ယနေ့တွင်မူ ဝင်ပေါက်ကို သွပ်ပြားဖြင့် ပိတ်ဆို့ကာရံလိုက်သည်ကိုလည်း တွေ့ရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခြင်းကိုမူ မတွေ့ရသေးချေ။
၂၀၀၅ ခုနှစ်အတွင်း Natural Park အမည်ရှိ developer ကို ဘဏ္ဍာရေးဝန်ကြီးဌာနက နှစ် ၃၀ လုပ်ကိုင်ခွင့် ချထားပေးကာ အကောက်ခွန်အဆောက်အအုံအား ဟိုတယ်အဖြစ် ပြုပြင်ပြောင်းလဲရန် ခွင့်ပြုပေးခဲ့သည်။
သို့ရာတွင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်မလာခဲ့။
၂၀၁၅ ခုနှစ်အတွင်းတွင်မူ BTS Group က ထပ်မံပါဝင်လာခဲ့ပြီး
Natural Park ၏ ရှယ်ယာများစွာကို ဝယ်ယူခဲ့သည်။
BTS Group သည် ဘန်ကောက်၏ ကောင်းကင်ရထားကဲ့သို့ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။
BTS Group ပါဝင်လာပြီးနောက် Natural Park ဟူသောအမည်မှ U City
ဟု ပြောင်းလဲခဲ့သည်။
U City သည် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အကောက်ခွန်အဆောက်အအုံကြီးမှာ အခန်းပေါင်း ၃၅ ခန်းပါ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးဖြစ်လာမည်မှာ အသေအချာဖြစ်ကြောင်း ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဝန်ထမ်းအိပ်ဆောင်အဖြစ် ဘန်ဂရက်မီးသတ်ဌာနက အသုံးမပြုတော့သည့်တိုင် မည်သည့်ခြေလှမ်းမျှ မစတင်နိုင်သေးချေ။
ဘဏ္ဍာရေးဝန်ကြီးဌာနသည် သည်းခံနိုင်စွမ်းမရှိတော့ဘဲ U City ကုမ္ပဏီကို ရက်ပေါင်း ၃၀ အချိန်ပေးလိုက်ကာ စီမံကိန်းအကောင်အထည်ဖော်ရန် သတိပေးလိုက်ပြီး အကောင်အထည်မဖော်ပါက စီမံကိန်းလုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
အကောက်ခွန်ရုံးအပြင် ဘုရင်မသီရီခေတ်အမျိုးသားကွန်ဗန်းရှင်းစင်တာ (QSNCC) ကိုလည်း ဖြိုချဖျက်သိမ်းကာ ဟိုတယ်တစ်လုံး ဆောက်လုပ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)