ကမ္ဘာကျော် Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ
လူပုလေး ဇနီးမောင်နှံ၏ နေအိမ်ရောင်းချရန်အရောင်းဈေးကွက်ဝင်လာကြောင်း ဗြိတိန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ အချက်အလက်များအရ အမေရိကန်အိမ်ထောင်စုပေါင်း ၉၅ သန်းခန့်မှာ TLC (TV network) ရုပ်သံလိုင်းကို ဖမ်းယူကြည့်ရှုကြသည်ဟု ဆိုသည်။
ယင်းပမာဏမှာ အမေရိကတွင် ရုပ်သံလိုင်းကြည့်ရှုကြသည့် အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည်။
TLC ကို စတင်ထုတ်လွှင့်စဉ်က ပညာရေးဆိုင်ရာကို ဦးတည်ခဲ့ပြီးနောက်ပိုင်းတွင် နေ့စဉ်လူနေမှုဘဝ၊ မိသားစုဘဝနှင့် လူပုဂ္ဂိုလ်တစ်ဦးစီတို့၏ မှတ်သားဖွယ်ဘဝဇာတ်လမ်းအဖြစ်အပျက်များ
ကို ထုတ်လွှင့်တင်ပြလာခဲ့သည်။
လူပုလေးမောင်နှံတွင် ခင်ပွန်းဖြစ်သူ ဘီလ်ကလိန်း အာနိုးမှာ
အရပ် ၃ ပေ ၂ လက်မအမြင့်ရှိပြီး ဇနီး ဂျနီဖာ အာနိုးကလိန်းမှာ ၄ ပေအမြင့်ရှိသည်။
ဇနီးဖြစ်သူ ဂျနီဖာသည် ပစ္စဘာ့ဂ်ျဆေးတက္ကသိုလ်မှ ကျောင်းပြီးခဲ့ပြီးနောက် နယူးယောက်မှ ဟပ်စတန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
ယခုအခါ ဟပ်စတန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
ဟပ်စတန်တွင် ပြီးခဲ့သော သြဂုတ်လကုန်ပိုင်းက ဟာဗေးဟာရီကိန်းမုန်တိုင်း ဒဏ်ခံခဲ့ရပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကာ လူပေါင်း ၃၀၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။
အင်စတာဂရမ်တွင် မကြာသေးမီက လွှင့်တင်ကြသော ဓာတ်ပုံများအရ ယခုနေအိမ်တည်ရှိရာ လမ်းတွင် ရေများလွှမ်းမိုးနေသည်ကို တွေ့ရသည်။
သို့ရာတွင် နေအိမ်တည်ရှိရာမှာ ကုန်းမြင့်ဖြစ်ခြင်းကြောင့် ရေဝင်ပျက်စီးခြင်းမျိုး မကြုံခဲ့ရချေ။
ဂျနီဖာတို့ ဇနီးမောင်နှံသည် သဘာဝဘေးအန္တရာယ်ဘေးမှ ပြေးမလွတ်နိုင်သူများ ဖြစ်နေကြသည်။
ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့အခြေချခဲ့သည့်တိုင် ပြီးခဲ့သော သီတင်းပတ်အတွင်း ဟာရီကိန်းမုန်တိုင်းအာမာဝင်ရောက် တိုက်ခတ်မှုကြောင့် စိန့်ပီတာစဘတ်မြို့မှ ပြောင်းရွှေ့ကြရပြန်သည်။
ဖလော်ရီဒါသို့ ပြောင်းရွှေ့ခဲ့ကြခြင်းမှာ ဇနီးဖြစ်သူ ဂျနီဖာသည် စိန့်ပီတာစဘတ်ရှိ ဂျွန်ဟော့ပ်ကင်းကလေးဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဖြစ်သည်။
ယင်းမတိုင်မီက ဂျနီဖာသည် တက္ကဆပ်ကလေးဆေးရုံတွင် ကလေးအထူးကုလက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုဈေးကွက်တင်သည့်နေအိမ်သည် ဆေးခန်းကြီးတစ်ခုအနီးတည်ရှိကာ နာမည်ကျော်စာသင်ကျောင်းများရှိရာ ဒေသဖြစ်သည်။
အပြာနုရောင် အဓိကဦးစားပေး ဆေးသုတ်ထားပြီး၊ ကြမ်းပြင်ကို သစ်ဖြင့်ခင်းထားကာ master bedroom မှာ မြေညီထပ်တွင် တည်ရှိသည်။
နေအိမ်အတွင်း မီဒီယာခန်း၊ စာဖတ်ခန်း၊ ဝိုင်သိုလှောင်ခန်းတို့ ပါဝင်ပြီး ဒုတိယထပ်သို့ ကြီးမားခမ်းနားသည့် လှေကားကြီးမှ တက်နိုင်သကဲ့သို့ ဓာတ်လှေကားဖြင့်လည်း တက်နိုင်သည်။
နေအိမ်နောက်ဘက်တွင် ရေကူးကန်၊ ရေကူးကန်၏ ယာဘက်တွင် အားကစားလေ့ကျင့်ရေးခန်းမ၊ ဟင်းလင်းပြင်မီးဖိုဆောင်၊ ဧည့်သည်များအတွက် သီးခြားဧည့်ဂေဟာဆောင်တို့ ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)