တင်းကျပ်သောအိမ်ခြံမြေဈေးကွက်ထိန်းချုပ်မှုမူဝါဒများကြောင့် တရုတ်နိုင်ငံရှိ
အဓိကမြို့ကြီးများတွင် ပြီးခဲ့သည်လတွင် အိမ်ဈေးများ ကျဆင်း သို့မဟုတ်
ဈေးတက်နှုန်းပိုမိုလျော့ကျခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က
ထုတ်ပြန်ခဲ့သည်။
အမျိုးသားစာရင်းအင်းဗျူရိုက ဆန်းစစ်လေ့လာခဲ့သည့် မြို့ကြီး ၁၅ မြို့ သို့မဟုတ် အဟော့ဆုံးအိမ်ခြံမြေဈေးကွက် ၁၅ ခု (ပထမတန်းစားမြို့ကြီးလေးမြို့နှင့်
ဒုတိယတန်းစားမြို့ကြီးတစ်မြို့) စလုံး၌ အိမ်ဈေးနှုန်းများသည် တင်းကျပ်မှုများ ၆ လနီးပါးကြာလာပြီးနောက် သြဂုတ်တွင် မြင့်တက်မှု ရပ်တန့်ခဲ့သည်။
ရှန်ဟိုင်း၊ ပေကျင်းနှင့် ရှားမိန်တို့တွင် အိမ်သစ်ဈေးများသည် ဇူလိုင်ကအတိုင်း
မပြောင်းလဲခဲ့ဘဲ အခြား ၁၂ မြို့စလုံးတွင် ဇူလိုင်အောက် ၀ ဒသမ ၁ ရာခိုင်နှုန်းမှ ၀ ဒသမ ၇ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့ကြောင်း ဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်၌ ရှန်ဟိုင်းနှင့် ပေကျင်းတို့ရှိ အိမ်သစ်ဈေးများသည်
ယင်းသို့ဇူလိုင်ကအတိုင်း မပြောင်းလဲခဲ့သော်လည်း ယမန်နှစ် သြဂုတ်ထက်မူ ၂
ဒသမ ၈ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်။
"ပထမတန်းစားမြို့တွေနဲ့ ဒုတိယတန်းစားအဓိကမြို့တွေမှာ အသက်ဝင်နေတဲ့
အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုတွေကြောင့် အိမ်ခြံမြေဈေးကွက်ဟာ
သြဂုတ်လမှာလည်း အရင်လတွေလိုပဲ ဆက်လက်အားပျော့ခဲ့ပါတယ်" ဟု ဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင် လျိုကျန်းဝေက ပြောကြားခဲ့သည်။
ရှင်းကျန်းတွင် ယမန်နှစ်သြဂုတ်အောက် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယင်းသည် ၂၀၁၅ မတ်ကတည်းက ပထမဆုံးနှစ်ပတ်လည်ကျဆင်းမှုဖြစ်သည်။
တတိယတန်းစားမြို့များတွင်မူ အိမ်ဈေးများသည့် သြဂုတ်တွင် ဇူလိုင်ထက် ၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော်လည်း ၎င်းသြဂုတ်မြင့်တက်နှုန်းသည်
ဇူလိုင်မြင့်တက်နှုန်း ၀ ဒသမ ၆ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်သစ်ဆောက်လုပ်မှုကျဆင်းနေသည့် ယင်းတရုတ်မြို့ငယ်များတွင်
ရောင်းအားကောင်းနေကျ ရာသီဖြစ်သော စတုတ္ထသုံးလပတ် (စက်တင်ဘာ၊
အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) ၌အိမ်ဈေးများ ဆက်လက်မြင့်တက်မည်ဟု အိမ်ထောင်စုများ၏ သုံးပုံတစ်ပုံနီးပါးက ယူဆနေကြကြောင်း တရုတ်ဗဟိုဘဏ်၏
ပြီးခဲ့သည့်သီတင်းပတ်ကထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com