ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းရှိ တိုက်ခန်းတန်ဖိုး ကျဆင်းသော်လည်း ငှားရမ်းခမှာမူ ပုံမှန်သာရှိနေဆဲ ဖြစ်သည်ဟု တိုက်ခန်းငှားရမ်းလုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။
ယင်းပွဲရုံဝင်း ပြောင်းရွှေ့ရမည့် သတင်းနှင့်မြေဂရန်သက်တမ်းများကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလအတွင်း အထိသာ သတ်မှတ်ပေးမည့်သတင်း များအရ တိုက်ခန်းများ ရောင်းဝယ် ရာတွင် တန်ဖိုးကျဆင်းလာခြင်းဖြစ်နိုင်သည်ဟု သိရသည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း ထုတ်ပေးသော
သက်တမ်း ၂၅ နှစ်ရှိမြေငှားဂရန်များ သည် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှစ၍ နောက်ပိုင်း ထုတ်ပေးသော ဂရန်များသည်လည်း တစ်ပြေးညီပင် သက်တမ်းကုန်ဆုံးမည် ဟု ပြင်ဆင်ထားကြောင်း၊ တိုက်ပိုင်ရှင် များအား ယခုနှစ် နှစ်လယ်ပိုင်းတွင် အသိပေးခဲ့သည်ဟု ကိုအောင်ဇော်က ပြောသည်။
ယင်းသို့သောဖြစ်စဉ်များရှိလာ၍အဆောက်အအုံအချို့
ဈေးလျှော့ ရောင်းခြင်းရှိလာရာ ယခင်ဈေးနှုန်း ထက်များစွာ
လျော့ကျလာသဖြင့် ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ဝယ်ယူ
ခြင်းဖြစ်သည်ဟု ဦးလှဟန်က မှတ်ချက်ပြုသည်။
ယခုလပိုင်းများတွင် ပေ (၄ဝx၆ဝ) တိုက်ခန်းတစ်ခန်းလျှင်
ငွေကျပ် သိန်းနှစ်ထောင်ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်သည်ဟု
စိန်ပန်းလမ်းနေ ဦးလှဟန်က ပြောသည်။
ယင်းအရောင်းအဝယ်ဖြစ်ခဲ့သောတိုက်အမျိုးအစား၊ လမ်းအနေအထား မျိုးဆိုလျှင်၂ဝ၁၆ ခုနှစ်ဝန်းကျင်တွင် ကျပ်သိန်းသုံးထောင် ဝန်းကျင်ရှိခဲ့ သည်။ တိုက်ခန်းငှားရမ်းခများမှာ ပေ(၂ဝx၆ဝ) တိုက်ခန်းမြေညီထပ် ဆိုလျှင် လမ်းအနေအထားပေါ် မူတည်၍ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် ငွေကျပ် ခုနစ်သောင်းရှိခဲ့သည်။
သို့သော် ယခုနှစ်များတွင်မူ ကျပ် ခုနစ်သိန်းမှ ဆယ်သိန်းဝန်းကျင်အထိ ဈေးပေါက်နေပြီး အပေါ်ထပ်တစ်ခန်း လျှင် ငွေကျပ် နှစ်သိန်းဝန်းကျင် ရှိ သည်ဟု ခရေလမ်း ကုန်တင်ယာဉ် ဂိတ်လုပ်ငန်းမှ ဦးအောင်မြင့်က ပြောသည်။
၁၉၉ဝ ပြည့်နှစ် မတိုင်မီကာလ များတွင် ပွဲရုံများ၊ ကားဂိတ်များသည် မြစ်ဝကျွန်းပေါ် သင်္ဘောဆိပ်များအနီး ရှိလမ်းမတော်နှင့် လသာမြို့နယ် တို့အတွင်း ရှိခဲ့သလို ဟင်းရွက်၊ အသား၊ ငါး၊ ကြက်၊ ဘဲ ဈေးများလည်း ဆိပ်ကမ်းမြို့နယ်အတွင်း ရှိခဲ့သည်။
၁၉၉၃ ခုနှစ်ဝန်းကျင်တွင် ယခု လက်ရှိနေရာ မရမ်းကုန်းမြို့နယ်(၁) ရပ်ကွက်အတွင်း လှိုင်မြစ်နံဘေးနေရာ သို့ ပွဲရုံနှင့် ကားဂိတ်လုပ်ငန်းများကို ပြောင်းရွှေ့ဖွင့်လှစ်စေခဲ့ကာ ပေ (၄ဝx ၆ဝ) မြေတစ်ကွက်လျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် လုပ်ငန်းရှင်များအား ရောင်းချပေးခဲ့သည်။ လုပ်ငန်း လုပ်ကိုင်သူအချို့ မိမိအစီအစဉ်ဖြင့် တိုက်ဆောက်ရာတွင် ငွေကျပ် ၁၅ သိန်းဝန်းကျင် ကုန်ကျခဲ့ကြောင်း ခရေလမ်းနေ ကုန်တင်ယာဉ်ဂိတ် ပိုင်ရှင် ဦးလှဦးက ပြောသည်။
Credit: The Mirror