ဂျာမနီအခြေစိုက် နိုင်ငံတကာ လက်ကားရောင်းဝယ်ရေးနှင့်
အစားအစာကုမ္ပဏီ METRO က အမေရိကန် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံကာသီလဝါ အထူးစီးပွားရေးဇုန်တွင်
အစားအစာကုန်လှောင်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း
အဆိုပါကုမ္ပဏီထံမှ သိရသည်။
အဆိုပါ ကုန်လှောင်ရုံမှ ပြည်တွင်းလုပ်ငန်းရှင်များ၏ စိုက်ပျိုးရေးထုတ်ကုန်များ၊ သားငါးထုတ်ကုန်များနှင့် အသီးအရွက်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြန်လည် ထုတ်လုပ်ကာ ပြည်တွင်း လက်လီလက်ကား ဈေးကွက်များသို့ ပြန်လည် ဖြန့်ချိမည်ဖြစ်ကြောင်း METRO Wholesale Myanmar ၏ ဒုတိယ အမှုဆောင်အရာရှိချုပ် Ms.Tiparayat Kaewsringarm က ပြောကြားသည်။
“ပြည်တွင်းက လုပ်ငန်းရှင်တွေကို နည်းပညာ အကူအညီတွေ ပေးပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကုန်ပစ္စည်းတွေကို အွန်လိုင်းစနစ် e-Payment စနစ်တွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
METRO Wholesale Myanmar ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီ ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက် (Yoma Strategic) က ရှယ်ယာ ၁၅ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး MERTO ကုမ္ပဏီက ရှယ်ယာ ၈၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်း လုပ်ဆောင်သည့်ကုမ္ပဏီဖြစ်သည်။
“ကျွန်တော်တို့က နောက်ပိုင်းမှာ ဒီပြည်တွင်း ထုတ်ကုန်တွေကို အိတ်စ်ပို့ ထုတ်ကုန်အထိလုပ်ပြီး နိုင်ငံခြားကို တင်ပို့နိုင်အောင် လုပ်ဆောင်သွားမှာ”ဟု ရိုးမကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိ ဦးထွန်းထွန်းက ပြောကြားသည်။
ယင်းအပြင် METRO Wholesale Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး မွေးမြူရေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
METRO Wholesale Myanmar သည် လက်ကားဖြန့်ချိရေးမှတစ်ဆင့် အစားအသောက်များ၊ အစားအသောက် မဟုတ်သော အရည်သွေးမြှင့် ကုန်ပစ္စည်းများကို ဝယ်သူများနှင့် လုပ်ငန်ရှင်းများ ဖြစ်သော ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အစားအစာ တည်ခင်းဧည့်ခံပေးသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက လက်လီဖြန့်ချိသူများနှင့် ရုံးများကို ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
ယင်းကုန်လှောင်ရုံ တည်ဆောက်မှုသည် ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး စက်ရုံလည်ပတ်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀ဝ ကျော်နှင့် ဆက်စပ် အလုပ်အကိုင်ပေါင်း တစ်ထောင်ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
Credit: The Voice