ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် လစာမြင့်အလုပ်အကိုင်များ လျော့ပါးလာပြီး
လျော့နည်းလာသော အိမ်ထောင်စုဝင်ငွေများက မြို့တစ်ဝန်း လစ်လပ်နေသည့်
လူနေအိမ်ခြံမြေများကို တိုးမြင့်လာစေသဖြင့် လူနေအိမ်ခြံမြေဈေးနှုန်းများနှင့်
ငှားရမ်းခများသည် ပိုမိုကျဆင်းလာတော့မည်ဖြစ်ကြောင်း ဒူဘိုင်းအခြေစိုက်
ယူအေအီးအိမ်ခြံမြေအကြံပေးကုမ္ပဏီ Phidar Advisory က စက်တင်ဘာ ၁၂
ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။
ဒူဘိုင်းမြို့၏ စီးပွားရေးသည် ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် အခက်တွေ့နေ သည်။ ဘဏ်များမှ ရေနံကုမ္ပဏီများအထိ ကုမ္ပဏီများသာမက
စာသင်ကျောင်းများ၌ပင် စီးပွားရေးကျဆင်းမှုကြောင့် ကုန်ကျစရိတ်လျှော့ချရန်
အလုပ်အကိုင်များ လျှော့ချနေသည်။
၂၀၁၇ ခုနှစ်တွင် စီးပွားရေးပြန်လည်ဦးမော့လာမည်ကို စောင့်စားရင်း
ရောင်းဈေးနှင့် ငှားခများ လျှော့ချရန် တင်းခံနေကြသည့် အိမ်ပိုင်ရှင်များသည်
စီးပွားရေးကျဆင်းမှုရှည်ကြာနေမှုကို ယခုအခါနားလည်စပြုလာပြီး ဈေးနှုန်းများ
လျှော့ချလာကြသည်။
"ဒူဘိုင်းမှာ တည်ဆောက်ပြီးစီးသွားတဲ့ အိမ်ခြံမြေ အရောင်းပမာဏဟာ
ခြောက်နှစ်မြောက်ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး လစ်လပ်နေတဲ့ အိမ်ခြံမြေေ
တွမြင့်တက်နေပါတယ်" ဟု Phidar Advisory ၏ မန်နေးဂျင်းဒါရိုက်တာ
ဂျက်ဆီဒေါင်းန်က ပြောကြားခဲ့သည်။
မိသားစုတစ်စုတည်း နေထိုင်ရန် ဆောက်လုပ်ထားသော အိမ်ဖြစ်သည့် အရပ်ခေါ် ဗီလာများ၏ ဈေးနှုန်းများသည် ပြီးခဲ့သည့် ၁၂ လအတွင်း ပျမ်းမျှအားဖြင့် ၁၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တိုက်ခန်းတန်ဖိုးများမှမူ မပြောင်းလဲခဲ့ပေ။ ထိုကာလ အတွင်း ဗီလာငှားရမ်းခများသည် ၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တိုက်ခန်းငှားရမ်းခများသည်လည်း ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Phidar ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြိုပွိုင့်အိမ်ရောင်းချမှုများမှာမူ ပုံမှန်ဖြစ်လျက်သာ ရှိသည်။ Developer
(မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များက
အဆောက်အအုံပြီးစီးမှ ပေးသွင်းရမည့် လက်ကျန်ငွေပမာဏကို
တိုးမြှင့်လာကြသဖြင့် ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com