၁၉၈၉ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် Perry Mason: The Case of the Musical Murder ဇာတ်ကား၊ ၁၉၉၂ ခုနှစ်က ရုံတင်ပြသခဲ့သည့် The Bodyguard ဇာတ်ကားများအပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနှင့် ရုပ်သံဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဒက်ဘီရေးနိုးသည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့ပြီး ယခုအခါ ၎င်းတို့မိသားစုပိုင် မွေးမြူရေးခြံကြီးကို လေလံတင်ရောင်းချတော့မည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒက်ဘီရေးနိုး၏ သမီးဖြစ်သူ ကာရီဖစ်ရှာမှာလည်း ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးပင်ဖြစ်ပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ၎င်းတို့နှစ်ဦးလုံး ပါဝင်သရုပ်ဆောင်ထားသည့် Bright Lights အမည်ရှိ documentary တစ်ခု ထွက်ရှိခဲ့သေးသည်။
ဆန်းကြယ်သည်မှာ သမီးဖြစ်သူကာရီဖစ်ရှာနှင့် မိခင်ဒက်ဘီရေးနိုးတို့သည် တစ်ရက်သာခြားကာ ဆက်တိုက်ကွယ်လွန်သွားခဲ့ကြခြင်း ဖြစ်သည်။
ကာရီဖစ်ရှာသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၀ ရှိပြီဖြစ်သည်။
မိခင်ဖြစ်သူ ဒက်ဘီရေးနိုးမှာလည်း နောက်တစ်နေ့ ဒီဇင်ဘာ ၂၈ ရက်တွင် လေဖြန်းကာ ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။
ကာရီဖစ်ရှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သည့် Star Wars: The Last Jedi ဇာတ်ကားမှာ ယခု ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ရုံတင်ပြသရန် စီစဉ်ထားသည်။
သားဖြစ်သူ တော့ဒ်ဖစ်ရှာသည်လည်း သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးပင် ဖြစ်သည်။ရောင်းချမည့် မွေးမြူရေးခြံဝန်းကြီးမှာ ၄၄ ဧကခန့် ကျယ်ဝန်းပြီး ဒက်ဘီရေးနိုးတို့ မိသားစုအားလုံး စုဝေးရာဖြစ်ခဲ့ကြောင်း သားဖြစ်သူ တော့ဒ်ဖစ်ရှာက ဆိုသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိသော အဆိုပါမွေးမြူရေးခြံကြီးကို လာမည့် အောက်တိုဘာလတွင် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်လူးဝစ် အိုဘစ္စပေါခရိုင်၊ ခရက်စ်တန်အရပ်တွင် တည်ရှိပြီး ဒက်ဘီရေးနိုးတို့ မိသားစုက ၁၉၈၈ ခုနျစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သားဖြစ်သူ သရုပ်ဆောင်၊ ဒါရိုက်တာ တော့ဒ်ဖစ်ရှာက ပြောကြားသည်။
ခြံဝန်းကြီးအတွင်း အဆောက်အအုံအများအပြား ပါဝင်ပြီး ပင်မနေအိမ်တွင် အိမ်တွင်းရုပ်ရှင်ရုံ၊ စာကြည့်တိုက်နှင့် အားကစား လေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။
ခရစ္စမတ်ကာလပေါင်းများစွာကို အဆိုပါခြံဝန်းကြီးအတွင်း ကုန်ဆုံးခဲ့ကြကြောင်း တက်ဒ်ဖစ်ရှာက ပြောကြားသည်။
Profiles in History လေလံအဖွဲ့တည်ထောင်သူ ဂျိုး မာဒဲလီနာ၏ ပြောကြားချက်အရ ဒက်ဘီရေးနိုးနှင့် သမီးဖြစ်သူ ကာရီဖစ်ရှာတို့ အသုံးပြုခဲ့သော ပစ္စည်းများကိုလည်း ခြံဝန်းနှင့်အတူ တဆက်တည်းလေလံတင်သွားမည်ဟု ဆိုသည်။
ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၄ သန်းဖြစ်သည်။
အဆိုပါမွေးမြူရေးခြံကြီးကို မူလက ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ပြီးခဲ့သော ဇွန်လတွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း အရောင်းဈေးကွက်မှတ်တမ်းများတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)