တရုတ်နိုင်ငံတွင် အမြင့်မားဆုံးနှင့် ရှန်ဟိုင်း၏ ခေတ်သစ်ပြယုဂ်၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဗဟိုချက်အဖြစ် တောက်ပလာမည့် အနာဂတ်တို့ကို ထင်ဟပ်ပြသနေသည့် The Shanghai Tower သည် ဗိသုကာများက လူနေရန် အသင့်ဖြစ်ပြီဟု ထုတ်ဖော်ကြေညာခဲ့သည်မှာ ယခုအခါ ၂ နှစ်ခွဲခန့် ရှိခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် အထပ်အများစုမှာ ယနေ့တိုင် နေထိုင်မည့်သူကင်းမဲ့လျက်ရှိရာ တရုတ်ပြည်ရှိ နာမည်ကျော် တစ္ဆေမြို့ကြီးများနည်းတူ တစ္ဆေမိုးမျှော်တိုက်ကြီးများ ဖြစ်လာမည့်အလားအလာဖြစ်နေသည်။
နိုင်ငံပိုင်ကုမ္ပဏီတို့၏ ငွေဖြုန်းတီးမှုအဖြစ်လည်း အချို့က ဝေဖန်လျက်ရှိကြသည်။
တရုတ်ပြည်တွင်း အိမ်ခြံမြေသတင်းများ အချိန်နှင့်တပြေးညီဖော်ပြလျက်ရှိသည့် ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်ထားသူ မိုက်ကယ်လ်ကိုးလ်က ပြောကြားရာတွင် “ဒီဖြစ်ရပ်က တုန်လှုပ်စရာပါ။ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလိုကြီးမားတဲ့စီမံကိန်းမျိုး ရှောင်ကြဉ်သင့်တယ်” ဟု ပြောကြားသည်။
The Australian Financial Review ၏ ဖော်ပြချက်တစ်ရပ်အရ အဆိုပါအဆောက်အအုံကြီး၏ ၆၀ ရာခိုင်နှုန်းမှာ လူသူကင်းမဲ့နေသည်ဟု ဆိုသည်။
ယင်းသို့ လူနေကင်းမဲ့မှုနှုန်း မြင့်မားခြင်းကြောင့် တာဝါပိုင်ရှင်များအတွက် ရက်သတ္တတစ်ပတ်လျှင် ကန်ဒေါ်လာ ၂ သန်း၊ နှစ်စဉ် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ငှားရမ်းခဝင်ငွေ ဆုံးရှုံးကြရလျက်ရှိသည်ဟု ဆိုသည်။
The Shanghai Tower တွင် ကြယ်ခြောက်ပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုပါဝင်သော်လည်း အစောဆုံး ၂၀၁၉ ခုနှစ်တိုင်အောင် ဖွင့်လှစ်နိုင်ဖွယ် မရှိသေးချေ။
လမ်းဘက်အခြမ်းရှိ စက်လှေကားများမှာ ရပ်နားပိတ်သိမ်းထားသည်ကို တွေ့ရပြီး ဓာတ်လှေကားများမှာလည်း ဆောက်လုပ်ရေးကုမ္ပဏီ၏ တံဆိပ်များဖြင့် ဖုံးလွှမ်းအုပ်ဆိုင်းထားဆဲဖြစ်သည်။
နိုင်ငံပိုင် သတင်းမီဒီယာများတွင် ၂၀၁၃ ခုနှစ်အတွင်း ဖော်ပြခဲ့ရာ၌ ၂၀၁၅ ခုနှစ်တွင် ဟိုတယ်ဖွင့်နိုင်မည်ဟု ဖော်ပြခဲ့ကြဖူးသည်။
ဒေသတွင်းမီးသတ်ဌာနကလည်း ယခုအဆောက်အအုံကြီးမှာ ကန့်သတ်ချက်ကျော်လွန်နေခြင်းကြောင့် ခွင့်ပြုချက်ထုတ်ပေးရန် နှစ်နှစ်ခန့် အချေအတင် ဆွေးနွေးခဲ့ကြရသည်။
ဒေသတွင်း အာဏာပိုင်များအနေဖြင့် မီတာ ၅၀၀ အထက်ရှိ အဆောက်အအုံများကို ခွင့်ပြုချက်ထုတ်ပေးခွင့်မရှိချေ။
(ရှန်ဟိုင်းတာဝါ၏ အမြင့်မှာ ၆၃၂ မီတာဖြစ်ပြီး အထပ်ပေါင်း ၁၃၂ ထပ်ပါဝင်သည်။)
အနီးဝန်းကျင်ရှိ အဆောက်အအုံများ၏ အခန်းလစ်လပ်မှုပမာဏမှာ ၅ ရာခိုင်နှုန်းပင် မရှိရာ ရှန်ဟိုင်းတာဝါ၏ လူနေကင်းမဲ့မှုပမာဏအပေါ် အာရုံစိုက်လာကြသည်။
ရှန်ဟိုင်းမြူနီစပယ် ရင်းနှီးမြှုပ်နှံမှုအုပ်စု (SMIG) ၏ နောက်ဆုံးအစီရင်ခံစာအရ ယခုစီမံကိန်းကို နိုင်ငံပိုင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ရှန်ဟိုင်းတာဝါသည် အကြွေး ယွမ်ငွေ ၈ ဒသမ ၀၈ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) အကြွေးတင်နေသည်ဟု ဆိုသည်။
ယင်းပမာဏမှာ ၂၀၁၄ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က အကြွေးပမာဏမှာ ယွမ်ငွေ ၅ ဒသမ ၈၁ ဘီလီယံဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)