အကြမ်း ဖက်မှုဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောဒေသတွင် စီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် စီစဉ်နေပြီး စက်တင်ဘာလနောက်ဆုံးပတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှသိရသည်။
အဆိုပါစီးပွားရေးဇုန်သစ်ကို မောင်တောမြို့နယ်ကညင်ချောင်း ကျေးရွာအနီးမြေဧက ၁ဝဝ ခန့်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းသို့အကောင်အထည်ဖော်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရနှင့် နတ်မြစ်အလင်းတန်း အခြေခံ အဆောက်အအုံများ အစု အဖွဲ့ကုမ္ပဏီ (Net River Galaxy Consortium Co.,Ltd) တို့ စက်တင်ဘာနောက် ဆုံးပတ်တွင် နားလည်မှုစာချွန်လွှာရေးထိုးသွား မည်ဖြစ်သည်။
''အဓိကမောင်တောမှာက အလုပ် အကိုင်အခွင့်အလမ်းကလည်း မရှိဘူးပေါ့။ တစ်ခုမှဝင်ငွေရပေါက်ကလည်း မရှိတဲ့အခါကျတော့ လူတွေ ကနည်းနည်း၊ တိုင်းရင်းသားတွေလည်း ပြောင်းရွှေ့လာနေကြတာ တွေရှိတယ်လေ။ အဲဒီမှာ အလုပ်အ ကိုင် အခွင့်အလမ်းတွေ ဖန်တီးလိုက် လို့ရှိရင် ဒေသတည်ငြိမ်ရေးကိုလည်း ရနိုင်တဲ့အနေအထားရှိတယ်ပေါ့။ ဝင်ငွေအခွင့်အလမ်းတွေရှိရင် အကြမ်းဖက်မှု၊ ဟိုဟာတွေ၊ ဒီဟာတွေထက် ပိုက်ဆံရတဲ့ဘက်ကိုပဲ အာရုံစိုက် သွားမယ်ပေါ့။ အဲဒီလိုရည်ရွယ်ချက် နဲ့လုပ်တာပါ''ဟု ပြည်နယ်အစိုးရ အဖွဲ့မှအခွန်၊ ဘဏ္ဍာ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က စက်တင်ဘာ ၁၂ ရက်က ပြောကြားသည်။
အဆိုပါ စီးပွားရေးဇုန်သစ်တည် ဆောက်မည့် ကညင်းချောင်းကျေးရွာ ဆိပ်ကမ်းသည် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းက ရခိုင်ပြည်နယ်မှထွက်ရှိသည့် ဆန်စပါးများကို တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရာတွင် အသုံးပြုခဲ့သည့် ဆိပ်ကမ်းဖြစ်ပြီး လက်ရှိတွင်အဆိုပါဆိပ်ကမ်းကိုအသုံး ပြုခြင်းမရှိတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
''စီးပွားရေးဇုန်တည်ဆောက် တာထက် ဒေသခံတွေလုံလုံခြုံခြုံ နေနိုင်အောင်သာ အစိုးရကအဓိကထား လုပ်ပေးသင့်တယ်လို့မြင်ပါတယ်။ လုံခြုံရေးကနံပါတ် (၁) ပဲ။ နောက်မှအလုပ်အကိုင်အခွင့်အလမ်း ကိုဖန်တီးပေးရမယ်''ဟုလည်း မောင် တောဒေသခံတစ်ဦးကပြောသည်။
အဆိုပါ စီးပွားရေးဇုန်သစ်ကို ရခိုင်ပြည်နယ်အစိုးရနှင့် ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး ပြီးနောက် ဒေသတည်ငြိမ်အေးချမ်း သွားပြီးမှသာ စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
Credit: DemocracyToday