Network ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင် ဖယ်ယီ ဒွန်းနဝေးသည် လော့စ်အိန်ဂျလိမြို့ West Hollywood အရပ်ရှိ ကွန်ဒိုခန်းကို ရောင်းထုတ်လိုက်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တည်နေရာမှာ လော့စ်အိန်ဂျလိမြို့လယ်မှ အနောက်ဘက်၊
နာမည်ကျော် ဘီဗာလီဟေးနှင့် ထိစပ်လျက်ရှိသော
West Hollywood အရပ်ရှိ Westview Towers တွင် ဖြစ်သည်။
ယခုရောင်းထွက်ခဲ့သည်မှာ ခေါ်ဈေးထက်ပင် ပိုမိုဈေးရခဲ့သည်ဟု ဆိုသည်။
အဆိုပါအခန်းမှာ အိပ်ခန်းတစ်ခန်းသာပါဝင်သည့် အခန်းကျဉ်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်ခန့်က ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။
ဝယ်ယူပြီးနောက်ပိုင်း အသေးစိတ်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။နေအိမ်ခန်းအတွင်း နံရံမြှုပ်ဘီရိုများ ပါဝင်ပြီး ဧည့်ခန်းနှင့် အိပ်ခန်းတို့တွင် လျှောထိုးတံခါးများ တပ်ဆင်ထားကာ ကိုယ်ပိုင်သီးသန့် လသာဆောင်များလည်း ပါဝင်သည်။
ဒွန်းနဝေးသည် စတုရန်းပေ ၈၀၀ ခန့်သာ အကျယ်အဝန်းရှိသည့် အဆိုပါအခန်းကို နေထိုင်ရန်အတွက် ဝယ်ယူခဲ့သလော၊ သို့မဟုတ် ရင်းနှီးမြှုပ်နှံရန်အတွက် ဝယ်ယူခဲ့သလောဟူသည်ကိုမူ မသိရချေ။
ယခုအရောင်းအဝယ်တွင် ဒွန်းနဝေးအတွက် အနည်းငယ်မြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။
သူသည် အဆိုပါကွန်ဒိုခန်းကို ၂၀၁၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄၈၅၀၀၀ ဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည် ရောင်းချရာတွင် ကန်ဒေါ်လာ ၆၀၀၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ ကန်ဒေါ်လာ တစ်သိန်းကျော် မြတ်စွန်းခဲ့သည်။
ယခုရောင်းချမှုတွင် မူလက ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၅၉၅၀၀၀ ဖြင့် ဈေးခေါ်ထားခြင်းဖြစ်ရာ ခေါ်ဈေးထက် ဒေါ်လာ ၅၀၀၀ ပိုရခဲ့သည်။
ဧည့်ခန်းမှာ ရုပ်ရှင်ပရိုဂျက်တာတပ်ဆင်နိုင်ရန်အတွက် ဝါယာကြိုးလိုင်းများ ကြိုတင်စီမံတပ်ဆင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
အဆောက်အအုံတွင် ရေကူးကန်၊ spa နှင့် ရေပူကန်များ ပါဝင်သည်။
အရောင်းဈေးကွက်တင်သည်မှာ Keller Williams Realty ကုမ္ပဏီမှ အကျိုးဆောင် ခရစ် ဂျက်ကော့ဘ်ဖြစ်သည်။
ဒွန်းနဝေးသည် ယခုအခါ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် “Bonnie and Clyde” နှင့် ၁၉၇၄ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော “Chinatown” ဇာတ်ကားတို့ဖြင့် အော်စကာဆု ဇကာတင်စာရင်းဝင်ခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော “Network” ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သည်။
အဆိုပါဇာတ်ကားသည် အော်စကာဆု ၄ ခုရရှိခဲ့ပြီး အမေရိကန်ရုပ်ရှင်သိပ္ပံက ရွေးချယ်သော အကောင်းဆုံးအမေရိကန်ရုပ်ရှင် ၁၀၀ စာရင်းတွင် နံပါတ် ၆၄ တွင် ဖော်ပြခြင်းခံခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)