ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်တွင်းအခြေစိုက်ကုမ္ပဏီနှင့် တရုတ်ပြည်မှ သကြားကုမ္ပဏီတို့ကို ကြံစိုက်ပျိုးရန် မြေဟက်တာပေါင်း ၄၀၀၀၀ ခွင့်ပြုချက်ပေးခဲ့သည်။
ခွင့်ပြုချက်ရသည့် ကုမ္ပဏီက မြေယာရှင်းလင်းမှုများ လုပ်ဆောင်ရာ ဒေသခံရွာသားတို့က ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ဖြစ်ကြောင်း ပြောကြားကာ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါအငြင်းပွားမှုတွင် နစ်နာခဲ့သူများကို တစ်လအတွင်း ဖော်ထုတ်စာရင်းပြုစုရန် ကမ္ဘောဒီးယားမြေယာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ခိုခေါင်၊ ကမ်ပေါင်စပူနှင့် ပရီယာဗီဟာရ်ပြည်နယ်များရှိ အာဏာပိုင်များကို ညွှန်ကြားလိုက်ပြီ ဖြစ်သည်။
အာဏာရပါတီမှာ အထက်လွှတ်တော်အမတ် လိုင်ယောင်းဖတ်ပိုင်ဆိုင်သော ဖနွမ်းပင်သကြားကုမ္ပဏီ၊ Heng Huy Agriculture Group နှင့် တရုတ်ပြည်မှ လန်ဖန်ကုမ္ပဏီတို့သည် ကျေးလက်ရွာသား ရာပေါင်းများစွာထံမှ မြေယာများ အဓမ္မသိမ်းယူထားသည်ဟူသော စွပ်စွဲထားမှုများ ရှိနေသည်။
“ရက်ပေါင်း ၃၀ အတွင်း ပြည်နယ်ညွှန်ကြားရေးမှူးတို့သည် နစ်နာခဲ့ရသူများ၊ သက်ဆိုင်သည့်မြေယာများကို အတည်ပြုနိုင်မည့် လျှောက်လွှာများ လျှောက်ထားနိုင်ကြစေရန် ကူညီကြရမည်” ဟု ဝန်ကြီးဌာန၏ စာနယ်ဇင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါထုတ်ပြန်ချက်ကို ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနများအကြား အစည်းအဝေးတစ်ခု ပြုလုပ်အပြီးတွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိခိုက်နစ်နာခဲ့သည့် ကျေးရွာသားများအနေဖြင့် စက်တင်ဘာ ၄ ရက်မှ အောက်တိုဘာ ၃ ရက်အကြား အတည်ပြုလျှောက်လွှာပုံစံများ ရယူကာ လျှောက်ထားနိုင်သည်ဟု ဆိုသည်။
အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်သည့် ဖက်ဗ် ညူအန်က ပြောကြားရာတွင် ဖနွမ်းပင်သကြားကုမ္ပဏီနှင့် Heng Huy တို့သည် ၎င်းပိုင်မြေယာများကို သိမ်းယူခဲ့ကြသည်ဟု ဆိုသည်။
“ခရိုင်နဲ့ ပြည်နယ်အာဏာပိုင်တွေအပေါ်မှာ ကျွန်မတို့ ယုံကြည်ချက်တွေကတော့ ပျောက်ဆုံးသွားပါပြီ။ ဒါပေမယ့် ပြည်နယ်အာဏာပိုင်တွေကို တာဝန်ပေးလာတယ်။ ဒါကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့ပဲ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြေယာစီမံခန့်ခွဲရေးဝန်ကြီး ချီယာဆိုဖာရာက ပြောကြားရာတွင် မြေယာများကို မသမာသောနည်းဖြင့် ရရှိနိုင်ရန် စာရွက်စာတမ်းအတုများ ပြုလုပ်သူများကို တွေ့ရှိပါက အပြစ်ပေးသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
ပရီယာဗီဟာရ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ချန်ဒါက ၎င်းတို့အနေဖြင့် ယခုဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် တာဝန်ခွဲဝေမှုများ၊ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ယခုပြဿနာကို နာတာရှည်ရောဂါသဖွယ်ဖြစ်နေရန် ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)