ဇင်ဘာဘွေ၏ နာမည်ကျော် တေးသံရှင် မာလွန်ဂါသည် ၎င်း၏ အိမ်ငှားဖြစ်သူနေထိုင်သည့်အခန်းတွင်းရှိ ပစ္စည်းများဖျက်ဆီးမှု၊ ခိုးယူမှုတို့ဖြင့် အမှုရင်ဆိုင်ရလျက်ရှိကြောင်း ဇင်ဘာဘွေသံတော်ဆင့်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အသက် ၅၇ နှစ်ရှိပြီဖြစ်သော မာလွန်ဂါကမူ အပြစ်မရှိကြောင်း ငြင်းဆန်ထားသည်။
မျက်မြင်သက်သေတစ်ဦးဖြစ်သော လုံခြုံရေးအစောင့် ဂျိမ်းစ် ချာမီဆာက ထွက်ဆိုရာတွင် မာလွန်ဂါသည် တူတစ်လက်နှင့် ရောက်ရှိလာပြီး အိမ်ငှား၏ နေအိမ်တံခါးကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားသည်။
“ကျွန်တော်လည်း ရိုဒက်စ်ဗီလီရဲစခန်းကို ပြေးသွားပြီး တိုင်ကြားပါတယ်။ ပြန်လာတော့ မာလွန်ဂါက အိမ်ထဲကပစ္စည်းတွေကို အပြင်လွှင့်ပစ်နေတာတွေ့ပါတယ်” ဟု ချာမီဆာက ထွက်ဆိုသည်။
“သူ့အလုပ်သမား ၂ ယောက်နဲ့ ရောက်လာတာပါ။ ဖယ်ရှားတဲ့ကိစ္စမှာ ကျွန်တော်ပါဝင်ကူညီခဲ့မှု မရှိပါဘူး။ အဝတ်လျှော်စက်ကို လွှင့်ပစ်တယ်။ ထိပ်ပိတ်အဖုံး ကျိုးပဲ့ပျက်စီးသွားပါတယ်။ ကော်ဖီစားပွဲနဲ့ ရုပ်မြင်သံကြားစင်တွေလည်း လွှင့်ပစ်ခံရတယ်။ အဲဒါတွေလည်း ပျက်စီးသွားပါတယ်” ဟုလည်း ချာမီဆာက ထွက်ဆိုသည်။
“အိမ်ငှားရောက်လာတော့ သူ့ပစ္စည်းတွေကို ဘာကြောင့်ဖယ်ရှားနေတာလဲလို့ မာလွန်ဂါကို မေးခဲ့တယ်။ ပြီးတော့ အချေအတင်စကားများခဲ့ကြတယ်” ဟုလည်း ချာမီဆာက ဆက်လက်ထွက်ဆိုသည်။
မာလွန်ဂါက ပြောကြားရာတွင်မူ “မေလ ၈ ရက်တုန်းက အငှားချထားတဲ့ ကျွန်တော့်အိမ်ကို အလုပ်သမား ၂ ယောက်နဲ့အတူ သွားခဲ့ပါတယ်။ သူတို့ အိမ်ပြောင်းတာမှာ ကူညီပေးဖို့ပါ။ ကျွန်တော့်အိမ်ကို ငှားရမ်းမယ့် လူသစ်တွေ့ထားလို့ပါ။ သူကလည်း အိမ်ငှားဖို့ စောင့်နေတာကြာပါပြီ” ဟု ဆိုသည်။
“လုံခြုံရေးအစောင့်က ဂိတ်တံခါးဖွင့်ပေးပါတယ်။ ပြီးတော့ အိမ်ငှားရဲ့ ပစ္စည်းပစ္စယတွေ ဂိတ်အပြင်ကို ရွှေ့ပေးဖို့အတွက် ကျွန်တော်နဲ့ အလုပ်သမားတွေကို ကူညီပေးခဲ့ပါတယ်” ဟု မာလွန်ဂါက ဆက်လက်ပြောကြားသည်။
အိမ်ငှားမှာ အသက် ၃၁ နှစ်အရွယ်ရှိ ရှာရွန် ချီနိုပွတ်ဆာဟူသည့် အမျိုးသမီးနှင့် သူ၏ခင်ပွန်းဖြစ်သည်။
တရားရုံးတွင် ချီနိုပွတ်ဆာက ထွက်ဆိုခဲ့ရာ၌ သူ၏ ဆမ်ဆောင်းဂလက်ဇီ တက်ဘလက် ၂ လုံး၊ ဗိုဒါဖွန်ဖုံးတစ်လုံးနှင့် ကားသော့တို့ ပျောက်ဆုံးနေကြောင်းလည်း ထွက်ဆိုသွားသည်။
ချာမီဆာက ပြောကြားရာတွင် မိမိက မာလွန်ဂါ၏သမီးကို ရိုက်ပုတ်ခဲ့သည်ဆိုခြင်းမှာ လိမ်ညာခြင်းသာဖြစ်ကြောင်း ပြော၏။
အဆိုပါအမှုကို လာမည့် စက်တင်ဘာ ၁၃ ရက်တွင် စတင်ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။
တရားလိုရှေ့နေ မစ္စက် ညာဂါနိုက ပြောကြားသည်မှာ ယခုနှစ် မေလ ၈ ရက်၊ ညနေ ၄ နာရီခန့်တွင် မာလွန်ဂါသည် ဇင်ဘာဘွေနိုင်ငံ၊ ဟာရာရီပြည်နယ်ရှိ Harare Drive အရပ် အမှတ် ၆၃ နေအိမ်သို့ သွားရောက်ခဲ့သည်။
အဆိုပါနေအိမ်သည် ချီနိုပွတ်ဆာ ငှားရမ်းနေထိုင်သောနေအိမ်ဖြစ်ပြီး မာလွန်ဂါသည် နေအိမ်တွင်းရှိပစ္စည်းများကို ခြံပြင်သို့ လွှင့်ပစ်ခဲ့ကြောင်း ညာဂါနိုက ဆိုသည်။
အမှုကို စစ်ဆေးသည့် တရားသူကြီးမှာ ဟာရာရီမှ ရာဇဝတ်တရားသူကြီး မစ္စတာ ဂီဒီယွန် ကူဗက်ဆာဖြစ်သည်။
“ဘာပစ္စည်းမှ မပျက်စီးခဲ့သလို ခိုးယူခဲ့တာလည်း မရှိပါဘူး။ ကျွန်တော့်သမီးကို လုံခြုံရေးအစောင့်က ရိုက်နှက်ခဲ့ပါတယ်။ နယ်မြေခံရဲတစ်ယောက် ရောက်လာပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို သူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ပါတယ်။ ပြီးတော့သူတို့က အိမ်ငှားသစ် လာလို့မရအောင် ပစ္စည်းတွေကို အိမ်ထဲပြန်ထည့်ပါတယ်” ဟု မာလွန်ဂါက ထွက်ဆိုသည်။
မာလွန်ဂါက အိမ်ငှား၏ Defy တံဆိပ် အဝတ်လျှော်စက်၊ ဖန်ခွက် ၈ လုံး၊ ပန်းကန်လုံး ၄ ခု၊ ညစာပန်းကန်ပြား ၆ ချပ်တို့ ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ဖျက်ဆီးခံရသည့်ပစ္စည်းနှင့် ခိုးယူခံရသည်များ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁၇၈၁ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)