မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ဆောက်နေသည့် မြန်မာသီလဝါ အထူးစီးပွားရေး အများပိုင်ကုမ္ပဏီ (MTSH) က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ပါဝင်ရင်းနှီးမြှုပ်နှံရန်အတွက် လေ့လာဆန်းစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MKSHC) တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုက ရင်းနှီးမြှုပ်နှံဖို့က BOD (ဒါရိုက်တာအဖွဲ့) ရဲ့ သဘောတူညီမှုလည်း ရထားပါတယ်။ ဘယ်လောက် ရင်းနှီးမြှုပ်နှံသွားမလဲ ဆိုတာကတော့ မပြောနိုင်သေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။
MTSH သည် လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားဇုန် အပိုင်း (က) ကို အကောင်အထည်ဖော် တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး အပိုင်း (ခ) ဇုန် ဘီစီမံကိန်း ဟက်တာ ၂၆၂ ခန့်ကို ဆက်လက် အကောင်အထည် ဖော်လျက်ရှိသည်။
လတ်တလောတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်ဆောင်ရန်အတွက် တရုတ်နိုင်ငံအခြေစိုက် CITIC Consortium ကုမ္ပဏီကို တင်ဒါစနစ်ဖြင့် ရွေးချယ်ထားပြီး ယင်းကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်မည့် ပြည်တွင်း ကုမ္ပဏီများကို အစိုးရက တင်ဒါစနစ်ဖြင့် ရွေးချယ်လျက်ရှိသည်။
ကျောက်ဖြူ အထူး စီပွားရေးဇုန်ကို ကျောက်ဖြူမြို့အနီး မြေဧက ၄၀ဝ၀ ခန့်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို အရင်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ကာ အိမ်ရာစီမံကိန်းလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
Credit: The Voice