“Game of Thrones” ရုပ်သံဇာတ်လမ်းတွဲဖြင့် နာမည်ကျော်သည့် ဗြိတိန်သရုပ်ဆောင်မင်းသမီး လီနာဟက်ဒေးသည် လော့စ်အိန်ဂျလိ နေအိမ်ကို အမြန်ရောင်းချရန် ဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဆန်ဖာနန်ဒိုတောင်ကြားရှိ ရှားမန်းအုတ်ခ်အရပ်တွင်ဖြစ်သည်။
လီနာဟက်ဒေးသည် အဆိုပါအိမ်ကို ပြီးခဲ့သော ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၄၅ သန်းဖြင့် ဈေးကွက်တင်ခဲ့သော်လည်း ရောင်းမစွံခဲ့။
ယခုအခါပြန်လည်ဈေးကွက်တင်ရာတွင် ဈေးပိုမိုမြှင့်တင်လာပြီး ကန်ဒေါ်လာ ၂ ဒသမ ၀၅ သန်း ဈေးခေါ်လာသည်။
မစ္စက် ဟက်ဒေးသည် ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇၉၀၀၀၀ ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်ပါက များစွာမြတ်စွန်းမည် ဖြစ်သည်။
နေအိမ်ကြမ်းခင်းဧရိယာ ၂၉၀၀ စတုရန်းပေရှိပြီး ၁၉၅၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်သည်။
မစ္စက်ဟက်ဒေးနှင့် ကလေးနှစ်ဦးအတွက် ထပ်ခိုးငယ်ထည့်သွင်းပေးထားသည်ကိုလည်း တွေ့ရသည်။
နယူးယောက်တိုင်းမ်သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မစ္စက်ဟက်ဒေးက လော့စ်အိန်ဂျလိမှတစ်ဆင့် သူကြီးပြင်းရာ အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှိုင်းယားရှိ ၁၉ ရာစုနှစ် ဂျော်ဂျီယာဗိသုကာဟန်နေအိမ်ကြီးသို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြောခဲ့ဖူးသည်။
လီနာဟက်ဒေးသည် Fox ရုပ်ရှင်မှ ထုတ်လုပ်သည့် Terminator: The Sarah Connor Chronicles ဇာတ်ကားတွင် Sarah Connor အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့်လည်း နာမည်ကျော်သည်။
ရုပ်သံဇာတ်လမ်းတွဲသရုပ်ဆောင်များတွင် အနုပညာကြေးအမြင့်မားဆုံးသရုပ်ဆောင်ဖြစ်ပြီး “Game of Thrones” ဇာတ်လမ်းတွဲ တစ်ပိုင်းလျှင် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)