ဒလမြို့ပြင်တစ်ဝိုက်ရွာမြေတွေ အရောင်းအ၀ယ်ကောင်းနေတယ်လို့ ဒလအိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
' ဒလတံတားစီမံကိန်းတွေကြောင့် နှစ်အနည်းငယ်က အေးခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ပြန်လည်လှုပ်ခတ်လာပါတယ်။ ခုတော့ အလုပ်ဖြစ်နေတယ်၊ ဒလမြို့ပေါ်ရပ်ကွက်ထက်ရွာမြေက အရောင်းအ၀ယ်ပိုဖြစ်ပြီး ဈေးကလဲအတက်ရှိပါတယ်။ ၀န်ထမ်းမိသားစုတွေ တစ်နိုင်တစ်ပိုင်ဝယ်ပြီး လှောင်ထားတဲ့သူအချို့လဲဝယ်နေတာဖြစ်တယ်' လို့အိမ်ခြံမြေအကျိုးဆောင်ဆီက သိရပါတယ်။
ဒလမြို့တွေရဲ့လမ်းမတန်းအိမ်ခြံမြေတွေ ကျပ်သိန်းထောင်ချီဈေးမြင့်နေပြီး အိမ်ဈေးတွေလည်းမြင့်တက်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်ခန့်ကဆိုရင် ဒလမြို့ပေါ် ရပ်ကွက်တွေက ဂရန်၊ ပါမစ်မြေတွေရဲ့ ဈေးနှုန်းဟာ ကျပ်သိန်း ၃၀၀ ကနေ ၃၅၀ ကြားသာရှိခဲ့ပြီး ယခုအခါ ကျပ်သိန်း ၄၀၀ ကနေကျပ်သိန်း ၄၅၀ ကြားရှိနေပါတယ်။
လမ်းမတန်းမှာ ယခင်က ကျပ်သိန်း ၇၀၀ ခန့်သာရှိခဲ့ရာက ခုကျပ်သိန်း ၁၀၀၀ ကနေသိန်း ၁၂၀၀ ခန့်အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မြို့စွန်တွေမှာ ယခင် ကျပ်သိန်း ၅၀ ကနေ ၆၀ ကြားသာရှိခဲ့ပြီး ယခုအခါ ကျပ်သိန်း ၁၅၀ ကနေ ၃၀၀ လောက်အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။
Credit: The Modern