တရုတ်နိုင်ငံတွင် အိမ်ခြံမြေဆိုင်ရာ မူဝါဒသစ်တစ်ရပ်ချမှတ်လိုက်ရာ ချမ်းသာသည့်လူနေအိမ်ရာနှင့် ဆင်းရဲသားရပ်ကွက်အကြား တံတိုင်းများကာရံခြင်းကို တားမြစ်လိုက်သည့်အပြင် ရှိရင်းစွဲတံတိုင်းအကာအရံများကို ဖျက်သိမ်းလိုက်ကြရာ ချမ်းသာသည့် လူနေရပ်ကွက်တွင် နေထိုင်ကြသူများက အမျက်ထွက်လျက်ရှိကြကြောင်း ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အိမ်ခြံမြေ developer တို့အနေဖြင့် အဆောက်အအုံတံတိုင်းများ၊ စည်းရိုးများ ခတ်ခြင်းကို တားမြစ်လိုက်ပြီဖြစ်သည့်အတွက် ချမ်းသာကြွယ်ဝသည့် ရပ်ကွက်တွင် နေထိုင်သူတို့သည် ရပ်ကွက်အတွင်းရှိ သီးသန့်နေရာများကို ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူတို့ကို အသုံးပြုခွင့်ပေးရတော့မည် ဖြစ်သည်။
ယခုမူဝါဒကို အိမ်ခြံမြေကော်မရှင်က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စည်းရိုးများခတ်ထားပါက အိမ်ရာစီမံကိန်းများကို ကြိုတင်ရောင်းချခွင့် ချထားပေးလိမ့်မည်မဟုတ်ကြောင်းလည်း သတိပေးထားသည်ဟု ဆိုသည်။
အထင်ရှားဆုံးဖြစ်ရပ်မှာ ရှန်ဟိုင်းမြို့ရှိ နာမည်ကျော် Jade Mansion ၏ ဘေးတွင် အိမ်ရာစီမံကိန်းတစ်ခုဆောက်လုပ်လျက်ရှိရာ ယခုအခါ Jade Mansion ကို ခတ်ထားသည့် ခြံစည်းရိုးကို ဖြိုချရမည်ဟု ညွှန်ကြားထားသည်။
ထို့ကြောင့် တန်ဖိုးနည်းအိမ်ရာဘက်ခြမ်းတွင် နေထိုင်သူတို့သည် Jade Mansion ဝန်းအတွင်းရှိ ပန်းဥယျာဉ်များနှင့် လေ့ကျင့်ခန်းပြုလုပ်ရာနေရာများအပါအဝင် အခြားနေရာများသို့ သွားရောက်အသုံးပြုခွင့်ရကြတော့မည် ဖြစ်သည်။
အဆိုပါ နေရာများအသုံးပြုခွင့်ရရန်အတွက် ငွေကြေးများစွာ အကုန်အကျခံထားရသော Jade Mansion ဝန်းတွင် နေထိုင်သူများက များစွာ
အမျက်ထွက်လျက်ရှိကြသည်။
“ကျွန်တော်တို့က အိမ်ရာစီမံခန့်ခွဲကြေး တစ်စတုရန်းမီတာကို ၈ ယွမ်ကနေ ၉ ယွမ် လတိုင်းပေးနေရတယ်။ ဆင်းရဲသားရပ်ကွက်မှာ နေတဲ့သူတွေက ၃ ယွမ်ပဲ ပေးရတယ်။ ဒီတော့ ဒီနေရာတွေကို အတူတူသုံးခွင့်ပေးတယ်ဆိုတာ ဘယ်လိုတရားမျှတနိုင်မှာလဲ” ဟု Jade Mansion တွင် နေထိုင်သူတစ်ဦးဖြစ်သည့် မစ္စတာဖန်က ပြောကြားသည်။
အစိုးရက ယူဆသည်မှာ အသိုက်အဝန်းနှစ်ခုကြားရှိစည်းရိုးသည် ဆင်းရဲသားများကို အရှက်ရစေကြောင်း ယူဆပြီး လူမှုရေးမညီမျှမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အစိုးရက ဓနပြန်လည်ဖြန့်ဝေမှုကို အကောက်ခွန်၊ ပရဟိတအလုပ်တွေကနေ အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကိုပဲ ပိတ်လိုက်ပြီး ရောနှောနေထိုင်စေဖို့ လုပ်လာခဲ့တယ်” ဟုလည်း မစ္စတာဖန်က ဆက်လက်ပြောကြားသွားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)