ဟောင်ကောင် အလယ်ပိုင်း တုံဝမ်ပင်လယ်ကွေ့တွင် တည်ရှိသော စူအမ်ဝမ်မြို့ကလေးရှိ စတုရန်းပေ ၄၀၀ ကျော်သာကျယ်ဝန်းသည့် တိုက်ခန်းတစ်ခန်းကို ဝယ်ယူရန်အတွက် လူပေါင်း ၁၀၀၀ ခန့် အလုအယက်တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင် အဆောက်အအုံများ ရောင်းချရေး အာဏာပိုင်အဖွဲ့က စူအမ်ဝမ်ရှိ တိုက်ခန်း ၄ ခန်းကို ရောင်းချရန် ကြေညာထားခဲ့ရာ အဆိုပါ ၄ ခန်းကို ဝယ်ယူရရှိရန် လူပေါင်း ၁၃၀၀ ခန့် တန်းစီစောင့်ဆိုင်းခဲ့ကြပြီး ယင်းအနက် ၁၀၀၀ ခန့်မှာ စတုရန်းဧရိယာအသေးဆုံး တိုက်ခန်းတစ်ခန်းကို ဝယ်ယူလိုသောကြောင့် လာရောက်ခဲ့ကြသူများဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားသည်။
“ရောက်လာတဲ့သူတွေအနက် ၈၀ ရာခိုင်နှုန်းလောက်က အိပ်ခန်း ၂ ခန်းပါ အခန်းတစ်ခုကို ဝယ်ယူဖို့ လာခဲ့ကြသူတွေပါ။ ဒီအခန်းရဲ့တန်ကြေးက ဟောင်ကောင်ဒေါ်လာ ၆ သန်းဖြစ်ပါတယ်” ဟု Midland Realty ၏ အမှုဆောင်အရာရှိချုပ် ဆမ်မီပိုက ပြောကြားသည်။
ဝယ်ယူလိုသူများသည် အထပ် ၈၀ မြင့် နာမည်ကျော်အဆောက်အအုံကြီးဖြစ်သော နီနာတာဝါရှေ့တွင် မနက် ၉ နာရီကတည်းက လာရောက်တန်းစီခဲ့ကြသည်။
ယခုရောင်းချသည့် အခန်း ၄ ခန်းမှာ မူလဝယ်ယူရန် သဘောတူပြီးသူတို့က လက်ငင်းပေးချေငွေ ပေးချေပြီးနောက် ဆက်လက်ငွေပေးသွင်းခြင်း မရှိတော့သောကြောင့် ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ရောင်းချခြင်း ဖြစ်သည်။အခန်း ၄ ခန်းမှာ စတုရန်းပေ ၄၂၇ မှ ၈၅၀ အထိ အကျယ်အဝန်းအမျိုးမျိုးရှိကြသည်။
ပြီးခဲ့သော သြဂုတ်လ ၂၅ ရက်တွင် ပထမဆုံးအရောင်းဈေးကွက်တင်ခဲ့သည်။
မူလဝယ်ယူခဲ့သူတို့ ဝယ်ယူခဲ့စဉ်က ဈေးနှုန်းမှာ ဟောင်ကောင်ဒေါ်လာ ၆ သန်းမှ ၁၄ ဒသမ ၄ သန်းကြား ဖြစ်ကြသည်။
ယခုစိတ်ဝင်စားမှုအများဆုံးမှာ စတုရန်းပေအနည်းဆုံးတိုက်ခန်းဖြစ်ပြီး အဆိုပါအခန်းကို မူလဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးခြင်း ဖြစ်သည်။
၄၂၇ စတုရန်းပေ ကျယ်ဝန်းသည့် ယင်းအခန်းမှာ ၁၅ ထပ်မြောက်တွင်တည်ရှိပြီး ယခင်ဝယ်ယူမည့်သူ လက်ငင်းပေးသွင်းငွေ ဟောင်ကောင်ဒေါ်လာ ၃၀၀၀၀၀ ကို ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်သည်။
အဆိုပါအခန်းကို ငွေသားဖြင့် ပေးချေပါက ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၈၉ သန်းအထိ ဈေးလျှော့ပေးမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)