ကမ္ဘာ့ရွှေဈေး ဆက်တိုက်တက်ခြင်းကြောင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲနီးပါးအထိ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ရွှေဘုံသာ အခေါက်ရွှေဈေးကွက် အတွင်းမှ သိရသည်။
“ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေး တက်နေတဲ့အတွက် လိုက်တက်နေတာ။ ကမ္ဘာ့ရွှေဈေး ဆက်မြင့်နေရင် ပြည်တွင်းရွှေဈေးလည်း ထပ်ပြီး မြင့်တက်နိုင်တယ်” ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အဏုမြူဗုံး(နျူကလီးယာ) စမ်းသပ်မှုဆိုင်ရာ သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေဈေး တစ်ရှိန်ထိုး မြင့်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းရွှေဈေး တက်လာနေခြင်းမှာ သီတင်းနှစ်ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ သြဂုတ်လ ၂၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၂၅,၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၂၉၄ ဒေါ်လာမှ စတင်ကာ တဖြည်းဖြည်း မြင့်တက်လာပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် ပြည်တွင်းအခေါက်ရွှေ အဖွင့်ဈေးမှာ ၉၄၉,၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၃၃၈ ဒေါ်လာအထိ ရောက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေးမတည်ငြိမ်မှုများကြောင့် အခေါက်ရွှေလက်ကားဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာအေးလျက် ရှိကြောင်း ရွှေဘုံသာ အခေါက်ရွှေဈေးကွက် အတွင်းမှ သိရသည်။
Credit: The voice