အမေရိကန်ပြည်ထောင်စု၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၇၇၇ (မြန်မာငွေ ၂၄၀၅၇၇၅ ခန့်) ဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
(မှတ်ချက်= အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၅၃ ဒသမ ၈၄ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး စက်တင်ဘာ ၆ ရက် ငွေလဲနှုန်းအရ ဖြစ်ပါသည်)
ယနေ့ကာလတွင် ဒေါ်လာ ၂၀၀၀ ဝန်းကျင်ဖြင့် မည်သည့်အရာများ ရရှိနိုင်ပါသနည်း။ လန်ဒန်မှ ရန်ကုန်သို့ စရိတ်အသက်သာဆုံး လေယာဉ်လက်မှတ်ခသည်ပင် ၁၆၈၁ ပေါင် (ကန်ဒေါ်လာ ၂၁၉၀= မြန်မာငွေ ၂၉ သိန်းကျော်) ပေါက်ဈေးရှိသည်။
နယူးယောက်ပြည်နယ်၊ ကွင်းစ်တွင် အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းတစ်ခန်း ငှားရမ်းလျှင်သော်မှ တစ်လလျှင် ဒေါ်လာ ၂၀၀၀ ခန့်ပေးရမည် ဖြစ်သည်။
ယခုအခါ အဆိုပါငွေမျှဖြင့် နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။
တည်နေရာမှာ အိုဟိုင်းအိုးနှင့် မီချီဂန်ပြည်နယ်တို့ ထိစပ်နေသော နေရာရှိ တိုလေဒိုမြို့တွင် ဖြစ်သည်။ဤမျှ ဈေးနှုန်းနည်းပါးစွာဖြင့် ရောင်းချရခြင်း၏ အကြောင်းရင်းမှာ နေအိမ်သည် အကြီးစားပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်သောနေအိမ် ဖြစ်ခြင်းကြောင့် ဖြစ်သည်။
နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ ကြမ်းခင်းဧရိယာ ၅၃၃၀ စတုရန်းပေရှိသည်။
ဝယ်လက်အနေဖြင့် နေထိုင်နိုင်သည့်အဆင့်ရောက်အောင် ပြုပြင်မှုများစွာ ပြုလုပ်ရမည် ဖြစ်သည်။
၁၈၉၇ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတန်ကြာ လူသူနေထိုင်ခဲ့ခြင်း မရှိချေ။ယခင်ပိုင်ရှင်မှာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း အပြီးသတ်ပြုပြင်နိုင်ခဲ့ခြင်းမရှိချေ။
ဝယ်ယူမည့်သူအနေဖြင့် အစအဆုံးပြုပြင်မှုများ ပြန်လည်ပြုလုပ်ရမည်ဖြစ်ကာ အပူပေးစနစ်၊ လျှပ်စစ်၊ ရေပိုက် အစရှိသည့် ကဏ္ဍစုံ ပြုပြင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဈေးကွက်တင်သည့် အကျိုးဆောင် ဂျူဒီ စတုန်းက ပြောကြားသည်။
နေအိမ်ပြင်ပသွင်ပြင်မှာ တူးဒေါ်ဗိသုကာဟန်ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ဧကဝက်ရှိပြီး ဘုရားကျောင်းများစွာတည်ရှိသည့် ကောလင်းဝုဒ် ဘိုလီဗာ့ဒ်လမ်းပေါ်တွင် ဖြစ်သည်။
ဝယ်ယူသူအနေဖြင့် ပြုပြင်မွမ်းမံမှုများကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်လုပ်ဆောင်ရမည်ဖြစ်သည့် တင်းကျပ်သည့် လမ်းညွှန်မှုများတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)