အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်ရှိ ဆရာဝန်တစ်ဦးက ရွာသားများ၏
အမဲလိုက်ခံရသဖြင့် သေဆုံးသွားခဲ့ကြသော တောရိုင်းတိရစ္ဆာန်များ၏
ကျန်ရစ်ခဲ့သော မိဘမဲ့တိရစ္ဆာန်ငယ်လေးများကို သူ၏နေအိမ်တွင်
မွေးမြူစောင့်ရှောက်ထားသည်မှာ တောရိုင်းတိရစ္ဆာန်အထူးစောင့်ရှောက်ရေး
ဂေဟာပင် ဖြစ်လို့နေပါသည်။
Animarl Ark ဂေဟာလေးကို ထိုဆရာဝန်က ရွာသာများ စားဝတ်နေရေး
အတွက် အမဲလိုက်ကြရန်လိုအပ်မှုကို နားလည်ကာ တိရစ္ဆာန်ငယ်များကိုလည်း
အသတ်မခံကြရစေချင်၊ အစာငတ်မသေဆုံးစေချင်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အသက် ၇၀ ကျော်ပြီဖြစ်သည့် ဒေါက်တာ ပရာကက်ရှ် အမ်တီနှင့် သူ၏ဇနီးတို့သည် လွန်ခဲ့သည့်နှစ် ၄၀ ခန့်က တစ်ရက်တွင် ဂတ်ချီရိုလီတောထဲသို့လမ်းလျှောက်ကြစဉ် လူတစ်စုက အမဲလိုက်၍ ရလာသည့်မျောက်သေတစ်ကောင်အား သယ်လာသည်ကို တွေ့မြင်ခဲ့ကြသည်။
ထိုတွင် ယင်းမျောက်သေမ၏ ခန္ဓာကိုယ်အား မျောက်ငယ်လေးတစ်ကောင်က
လိုက်တွယ်ကပ်ကာ သူမ၏ သားမြတ်မှ နို့ချိုကိုစို့ရန် ကြိုးစားနေသည့်မြင်ကွင်းကိုပါ
သူတို့ တွေ့မြင်ခဲ့ကြသည်။
၎င်းကြေကွဲဖွယ်မြင်ကွင်းကိုမြင်ပြီးနောက် ဒေါက်တာပရာကက်ရှ်က တောရိုင်း
တိရစ္ဆာန်ငယ်လေးများကိုပါ အမဲလိုက်သည့်အထဲ ရောနှောပါကာ၊ အစာငတ်ကာသေဆုံးခွင့်မပြုနိုင်ဟု သူ၏စိတ်၌ ဆန္ဒပြင်းပြခဲ့သည်။ ထို့ကြောင့် သူက ယင်းလူစုကို မျောက်ငယ်လေးအား ဘာလုပ်မည်ကို မေးမြန်းခဲ့ရာ သူ၏အမေကဲ့သို့ပင် သူ့ကိုလည်း စားသုံးမည်ဖြစ်ကြောင်း သူတို့က ပြောကြားခဲ့သည်။
ဤတွင် သူက သူတို့သည် အပျော်အမဲလိုက်ကြခြင်းမဟုတ်ဘဲ စားဝတ်နေရေး
အတွက် လိုအပ်၍ သတ်ကြမည်ကို သဘောပေါက်သဖြင့် သူက
မျောက်ငယ်လေးအား ဆန်နှင့် အ၀တ်တို့ဖြင့် လဲလှယ်ခဲ့သည်။ Animarl Ark
တိရစ္ဆာန်မိသားစုကြီးသည် ထိုမျောက်ငယ်လေးမှ အစပြုခဲ့ခြင်းဖြစ်သည်။
နှစ်လေးဆယ်ကြာလာခဲ့ပြီးနောက် Animarl Ark သည်
တောရိုင်းတိရစ္ဆာန်မျိုးစုံအတွက် ဒုက္ခသည်စခန်းတစ်ခုဖြစ်လာသည်။ လူအများ
ထိတွေ့ရန် ကြောက်ရွံကြသည့် အန္တရာယ်ရှိသော တိရစ္ဆာန်မျိုးစိတ်များပင်
သူတို့အိမ်နေအိမ်တွင် နေထိုင်ကြသည်။
Animarl Ark တွင် လှောင်အိမ်ဖြင့် ထားရသည့် တိရစ္ဆာန်များမှ လူတို့နှင့်
အနီးကပ်ထိတွေ့နေထိုင်၍ ရကြသည့် တိရစ္ဆာန်များအထိ မျိုစိတ်မျိုးစုံ
တောရိုင်းတိရစ္ဆာန်အရေအတွက် ၃၀၀ ထိ အများဆုံးရှိခဲ့သည်။ ထို့ကြောင့်
ဘေးပတ်ဝန်းကျင်မှလူများ၏ မကျေနပ်တိုင်တန်းမှုများရှိလာခဲ့သဖြင့်
တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ စည်းမျဉ်းများနှင့်အညီ သူ၏ အိမ်နှင့်ခြံအား
ပြုပြင်တည်ဆောက်ကာ ယခုအခါ တိရစ္ဆာန်ကောင်ရေ ၉၀ ၀န်းကျင်ကိုသာ
စောင့်ရှောက်ထားတော့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com