ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများ၊ ရုပ်ရှင်ရုံနှင့်တွဲလျက်ဆိုင်ခန်းများ၏ ငှားရမ်းခနှုန်းထားများကို ပြန်လည်ပြင်ဆင်ရန် စိစစ်သုံးသပ်နေပြီဖြစ်ကြောင်း တိုင်းအစိုးရ၊ စီမံဘဏ္ဍာရေးဝန်ကြီး ဦမြင့်သောင်းက ပြောသည်။
စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းတွင် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီး ဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှားရမ်းထားသော ရုပ်ရှင်ရုံများ၊ ဆိုင်ခန်းငှားရမ်းခများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် ဒဂုံမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးမြန်းခဲ့သည်။
“၂၀၁၇-၁၈ ခု ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ရငွေသုံးငွေစာရင်းအရ သုံးဖို့လျာထားတာက ကျပ် ၂၆ သန်းကျော်ပဲရှိပါတယ်။ ရဖို့လျာထားတာက ကျပ်သန်း ၃၀၀ ဖြစ်တယ်။ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံရှိတယ်။ သမ္မတရုပ်ရှင်နားက စားသောက်ဆိုင်ခန်းတခန်းဝင်ငွေကို လေ့လာတဲ့အခါမှာ အသားတင် ၀င်ငွေ သိန်းရာချီပါတယ်။ ဘာမဟုတ်တဲ့ ဆေးလိမ်၊ ကွမ်းယာဆိုင်လေးတွေကလည်း သိန်းဂဏန်းဝင်ငွေအမြတ်ရနေတယ်”ဟု ဦးကျော်ဇေယျက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ စီမံဘဏ္ဍာရေးဝန်ကြီး ဦမြင့်သောင်းက ဖြေကြားရာတွင်“ဒီရုပ်ရှင်ရုံငှားရမ်းခတွေနဲ့ပတ်သက်ပြီး မနှစ်တုန်းကမှ ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်ထဲကို ၀င်တာပါ။ အဲဒီတုန်းကလည်း သန်း ၃၀၀ လောက်အသုံးရှိတဲ့လုပ်ငန်းတခုကိုဖြစ်တဲ့အတွက် ထည်သင့်တယ်ဆိုပြီးတော့ ကျွန်တော်တို့လက်ခံလိုက်ပါတယ်။ ဒါကြောင့် မို့လို့ ဒီရုပ်ရှင် ရုံတွေရဲ့ ရငွေ၊၀င်ငွေများအပေါ်၊၀င်းထဲမှာရှိတဲ့ ဆိုင်ခန်းများရဲ့ ၀င်ငွေတွေကော အဲဒါနဲ့အတူ အခြားငှားရမ်း ခတွေ၊ ရုပ် ရှင်ရုံ တွေ ရဲ့ ငှားရမ်းခတွေကို အကုန်လုံး၊ ရန်ကုန်တိုင်းအတွင်းမှာ ရသင့်ရထိုက်တဲ့ ငှားရမ်းခတွေကို စိစစ်သုံး သပ်နေပါ တယ်။ စာချုပ်တွေကို ပြန်လည်သုံးသပ်မှုပြုလုပ်ပြီးမှပြင်ဆင်လို့ရမှာပါ”ဟု ၀န်ကြီးဦးမြင့်သောင်း ကပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရုပ်ရှင်ရုံငှားရမ်းခများကို ပြန်လည်သုံးသပ်မှုများရှိခဲ့ကြောင်း သမ္မတရုပ်ရှင်ရုံကို ၁၄.၈. ၂၀၁၆ ခုနှစ်ကစတင်ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်မှု မူဝါဒကောင်စီ၏ ၁၀.၈.၂၀၀၀ ရက်နေ့ အစည်းအဝေးအမှတ်စဉ် ၁၀/၂၀၀၀ အရ ခွင့်ပြုချက်ရယူခဲ့ကြောင်းနှင့် လက်ရှိငှားရမ်းခတိုးမြှင့်ကောက်ခံမှုနှုန်းထားအရ သမ္မတရုပ်ရှင်ရုံ၏ ငှားရမ်းခမှာ တလလျှင် ကျပ် ၅၂ သိန်းဖြစ်ကြောင်း၊အလား တူကျန်ရှိသည့် ရုပ်ရှင်ရုံများ၏ငှားရမ်းခ နှုန်းထားများကို ပြန်လည်သုံးသပ်ကာ ငှားရမ်းခတိုးမြှင့် ကောက်ခံခဲ့မှု များရှိကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပန်းသဉ္ဖာမျိုးကပြောသည်။
“ ရုပ်ရှင်ရုံနဲ့ တွဲလျက်ဆိုင်ခန်းငှား ရမ်းခနှုန်းထားတွေ ကို တိုင်းဒေသကြီးအစိုးရ အနေနဲ့ စိစစ်ဆဲနေပါတယ်။ရုပ်ရှင်ရုံငှားရမ်းခကို စိစစ်ပြီးဖြစ်ပါ တယ်။ တိုးမြှင့်ရရှိထား တဲ့ နှုန်းထားများကိုလည်း လွှတ်တော်ကို တင်ပြထားပြီးဖြစ်ပါတယ်” ဟု ၀န်ကြီးကပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမ္မတ(ဒဂုံ)၊ ရှေ့ဆောင်၊ နေပြည်တော်၊ သွင်၊ ၀ဇီရာ-၁(ကျောက်တံတား)၊ စံပြ (လမ်းမတော်)၊ ရွှေဗဟို(တာမွေ)၊ န၀ဒေး(မရမ်းကုန်း)၊ မဟာမြိုင်(အင်းစိန်)၊ မြရတနာ(သာကေတ)၊ မင်းရန်နောင်(မ/ဥက္ကလာ)၊ ၀ဇီရာ-၂ လှိုင်သာယာ၊ ရွေပြည်သာ(ရွှေပြည်သာ)၊ မြဟံသာ(သန်လျင်) စသည့် ရုပ်ရှင်ရုံ ၁၄ ရုံအား နှစ်ရှည်ငှားရမ်းထားပြီး ငှားရမ်းရာတွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့် ကုန်သွယ်မှုမူဝါဒကောင်စီတို့ထံ အတည်ပြုချက်ရယူ၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Credit: News Watch