ကချင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးသော လယ်ယာမဲ့တောင်သူများအား သီးနှံများစိုက်ပျိုးနိုင်ရန် လယ်ယာမြေများဖော်ထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဆန်းက ပြောသည်။
မြစ်ကြီးနားမြို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးခန်းမ၌ စက်တင်ဘာ ၄ ရက် နံနက် ၁ဝ နာရီကပြုလုပ်သော လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းပြုပြင်မှု အခြေခံသင်တန်းဖွင့်ပွဲ တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ မြေလွတ် မြေရိုင်းတွေရှာဖွေပြီး ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လယ်ယာမဲ့ တောင်သူတွေအတွက် လယ်ယာမြေ ဧက ၂၂ဝဝ ကျော်ကို ဖော်ထုတ်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
လယ်ယာမြေများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ တနိုင်း၊ ရွှေကူမြို့နယ်တို့တွင် ၂ဝ၁၆ ခုနှစ်၌ ဧက ၂၂ဝဝ ကျော် ဖော်ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူ လယ်သမားများကို လယ်ယာမြေများဖော်ထုတ်ပေး သည့်အပြင် သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် နည်း ပညာသင်တန်းများ၊ လက်တွန်းထွန်စက်၊ စပါး ခြွေလှေ့စက်နှင့် အခြားသောဆက်စပ်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ထွန်းက ပြောသည်။
ကချင်ပြည်နယ်အနေဖြင့် ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးနိုင်သောဧကပေါင်း ၇၇၈၉ဝဝ ကျော်ရှိပြီး သီးနှံအလိုက် မိုးစပါးစိုက် ဧက ၄၃၅၈၁၉ ဧက၊ နွေစပါး ၂၉၂၈ ဧက၊ ဆောင်း သီးနှံ ၁၂ဝ၉၆၁ ဧက၊ အခြားသီးနှံ ၂၈၁၂၂ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
Credit: The Mirror