တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရင်းနှီးမြှုပ်နှံမှုကော်မတီတွေဖွဲ့စည်းပြီးဖြစ်ပေမဲ့ နိုင်ငံတော်အတွက်မဟာဗျူဟာမြောက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအပါအဝင် လုပ်ငန်းငါးခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့်ရှိမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးသန်အောင်ကျော်ထံက သိရပါတယ် ။
ခွင့်ပြုချက်ရမှ
နိုင်ငံတော်အတွက် မဟာဗျူဟာ မြောက်အရေးပါတဲ့လုပ်ငန်း၊ ဒေါ်လာ သန်း ၁၀၀ အထက် ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ လုပ်ငန်း၊ နိုင်ငံတော်ပိုင်မြေကွက်ကို ငှါးရမ်းပြီး လုပ်ကိုင်တဲ့လုပ်ငန်းနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တင်ပြပြီးမှ လုပ်ရမယ်ဆိုတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်တဲ့လုပ်ငန်းတွေဟာ MIC ခွင့်ပြုချက်ရမှ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
‘ ကော်မရှင်က ခွင့်ပြုမှရမယ့် လုပ်ငန်းငါးမျိုးကို မြန်မာနိုင်ငံ ရင်းနှီ်းမြှုပ်နှံမှု ဥပဒေပုဒ်မ ၃၆မှာ သတ်မှတ်ထားတယ်၊ အဲဒီ ငါးမျိုးမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှ ဆောင်ရွက်ရမှာ ဖြစ်တယ် ’ လို့ ဦးသန်းအောင်ကျော်က ဆိုပါတယ်။
သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေဟာ အမေရိကန်ဒေါ်လာ ငါးသန်းအောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေကို ခွင့်ပြုချက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေကို တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဖွံ့ဖြိုးမှု အနည်းအများအလိုက် ဇုန်တွေ သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့်တွေလည်း ပေးထားတယ်လို့ သိရပါတယ်။
Credit: The Kumudra